မိုးညှင်း ဒီဇင်ဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ယနေ့ မွန်းလွဲပိုင်းတွင် မိုးညှင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်နေမှုများနှင့် လျာထားမဲရုံ ခင်းကျင်းထားရှိမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။
တိုက်တွန်းပြောကြား
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန Mini အစည်းအဝေးခန်းမ၌ မိုးညှင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြီး ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံကျသည့် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ရွေးကောက်ပွဲ ကျင်းပနေစဉ် ကာလအတွင်း မဲရုံဝန်ထမ်းများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် မဲဆန္ဒရှင်များ စိတ်ပါဝင်စားစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ အစည်းများက အသိပေးနှိုးဆော်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဧပရယ်စိုးက ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် ခရိုင်အတွင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယာယီဖွင့်လှစ်ထားရှိသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုနှင့် အောင်သပြေရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့မရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း(သိမ်အင်း)တို့၌ လျာထားမဲရုံ များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


