နေပြည်တော် ဒီဇင်ဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ပုဂံဆောင် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲကို လေ့လာရန် ဖိတ်ကြားမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ သည် ၁၉၄၈ ခုနှစ်မှစ၍ သံတမန်ဆက်ဆံရေး ၇၇ နှစ်တိုင်ရှိပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရင်းနှီးမှု၊ ရုရှားနိုင်ငံ၏ အစဉ်တစိုက် ထောက်ခံအားပေးမှုများအတွက် ရုရှားနိုင်ငံအစိုးရနှင့် ပြည်သူများကို အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒီမိုကရေစီ စံချိန်စံညွှန်းများအတိုင်း စနစ်တကျဆောင်ရွက်နေမှု၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာမီဒီယာနှင့် ပြည်တွင်းမီဒီယာများအား လေ့လာသတင်းရယူခွင့်ပြုထားသည့် အခြေအနေ၊ နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာရမည့် အစီအစဉ်များနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံရွေးကောက်ပွဲ ကော်မရှင်များအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကာ အမှတ်တရပစ္စည်း များ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


