နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ် အဖြစ်လည်းကောင်း၊ ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြား ချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ်အဖြစ်လည်းကောင်း အသီးသီးသွားရောက်ခဲ့ ပြီး ယနေ့နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ အက်စတာနာလေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံသို့ ပြန်လည်ထွက်ခွာရာ ကာဇက်စတန်သမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ်(၁) Mr. Roman Sklyar ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ လာစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ရာ မေးမြန်း ဖြေကြားမှု အပြည့်အစုံကို ဖော်ပြအပ်ပါသည်-
မေး။ ယာယီသမ္မတကြီးအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ရှိ Atom Museum မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ် (World Atomic Week Forum)” ကို တက်ရောက်ခဲ့ရတာကြောင့် မြန်မာနိုင်ငံနဲ့ နိုင်ငံသားများအပေါ်မှာ ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲ။ နိုင်ငံတော်အတွက် ဘယ်လိုကဏ္ဍတွေမှာ အကျိုးရလဒ်ကောင်းတွေကို ဖော်ဆောင်လို့ ရနိုင်မလဲဆိုတာ သိလိုပါတယ်။
ဖြေ။ မော်စကိုမြို့မှာပြုလုပ်တဲ့ ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ် (World Atomic Week Forum) ကိုတက်ရောက်ဖို့အတွက် သမ္မတကြီးပူတင်ရဲ့ ဖိတ်ကြားချက်အရ ကျွန်တော်သွားတာဖြစ်ပါတယ်။ အဲဒီမှာတော့ သမ္မတကြီးပူတင်၊ ဘယ်လာရုစ်သမ္မတ၊ အာမေးနီးယားဝန်ကြီးချုပ်၊ အီသီယိုးပီးယား ဝန်ကြီးချုပ်၊ အခြားခေါင်းဆောင်တွေ၊ IAEA ရဲ့ညွှန်ကြားရေးမှူးချုပ်တို့ သူတို့နဲ့တွေ့ဆုံပြီးတော့ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်တဲ့အခြေအနေတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီညီလာခံဟာ ထူးခြားတဲ့ ညီလာခံတစ်ခုလည်းဖြစ်ပါတယ်။ အဓိကကတော့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်ကြတာလည်း ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့လည်း IAEA အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အဏုမြူစွမ်းအင်ကို လူသား အကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင် အမြင်ချင်းဖလှယ်နိုင်တာလည်း ဖြစ်ပါတယ်။ ရရှိခဲ့တဲ့ အကျိုးရလဒ်ကတော့ တော်တော်လေးကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။
မေး။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ကာဇက်စတန်သမ္မတနိုင်ငံခရီးစဉ်အတွင်းမှာ ယာယီသမ္မတကြီး အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး တွေရရှိအောင် ဆွေးနွေးနိုင်ခဲ့ပါသလဲဆိုတာ သိရှိလို ပါတယ်။
ဖြေ။ ရုရှားသမ္မတကြီး မစ္စတာပူတင်နဲ့ သီးခြားတွေ့ဆုံနိုင်ခဲ့တာရှိပါတယ်။ မတ်လမှာတွေ့ဆုံခဲ့ပြီး ဖြစ်ပြီးတော့ တွေ့ဆုံခဲ့တဲ့ရလဒ်တွေကို မူတည်ပြီးတော့ တိုးတက်မှုအခြေအနေတွေ။ ဒါတွေကို နှစ်ဖက်သုံးသပ်ပြီးတော့ ဒီထက်ပိုပြီးတော့မှ ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့က ကူးသန်းရောင်းဝယ် ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စွမ်းအင်ကိစ္စ၊ သယ်ယူပို့ဆောင်ရေးကိစ္စ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ အာကာသနဲ့ အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စဒါတွေကို ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တာရှိပါတယ်။
အလားတူစွာပဲ ကာဇက်စတန်ကိုရောက်ရှိတဲ့ အခါမှာလည်း ကာဇက်စတန်သမ္မတကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါလည်း ဒုတိယအကြိမ် ဆွေးနွေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက တစ်ခါ ဆွေးနွေးပြီးဖြစ်ပါတယ်။ ပထမအကြိမ် ဆွေးနွေးခဲ့တဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ဘယ်ကဏ္ဍတွေမှာ ပိုပြီးတိုးချဲ့ဖို့လိုမလဲ။ မြန်မာနိုင်ငံမှာ ဘာကို ရင်းနှီးမြှုပ်နှံမှုလုပ်မလဲ။ မြန်မာနိုင်ငံက ထုတ်ကုန် ပစ္စည်းတွေ အသုံးပြုပြီးတော့မှ ကာဇက်စတန်နိုင်ငံမှာ တန်ဖိုးမြင့်ပစ္စည်းတွေ ဘယ်လို ထုတ်လုပ်ကြမလဲ။ သိပ္ပံနဲ့နည်းပညာဆိုင်ရာကဏ္ဍတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ မြို့ပြဆိုင်ရာကိစ္စတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ ရလဒ်တွေရခဲ့တယ်လို့ ပြောလိုပါတယ်။
မေး။ ယာယီသမ္မတကြီးအနေနဲ့ ကာဇက်စတန်နိုင်ငံကို ပထမဦးဆုံးလာရောက်တဲ့ မြန်မာနိုင်ငံက ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။ အနာဂတ်ကာလများမှာလည်း မြန်မာနိုင်ငံနဲ့ ကာဇက်စတန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပိုမိုတိုးတက်ဆောင်ရွက်ဖို့ ရှိပါသလားဆိုတာ သိရှိလိုပါတယ်။
ဖြေ။ စောစောက ကျွန်တော်ပြောသလို ကာဇက်စတန် သမ္မတနဲ့ကတော့ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်။ ကာဇက်စတန်နဲ့ ကျွန်တော်တို့က သံတမန်ဆက်ဆံမှုက ၂၆ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က သံတမန်ဆက်ဆံမှုလုပ်ခဲ့တာဖြစ်ပြီး ကျွန်တော် ရောက်တဲ့နေ့ က ၂၇ ရက်နေ့ဖြစ်ပါတယ်။ အဲဒီတော့ ၂၆ နှစ်ပြည့်ပြီး တစ်ရက်မှာ ရောက်တာပေါ့။ ထူးခြားမှုရှိပါတယ်။ သူတို့သမ္မတကြီးကလည်း ဒါကိုအလေးထားပြီးပြောပါတယ်။ မြန်မာနိုင်ငံ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပထမဦးဆုံးလာတဲ့ ခရီးစဉ်ဖြစ်တယ်။ New Step ခြေလှမ်းသစ်တစ်ခုကို စခဲ့တယ်ဆိုတာလေးသူပြောတာပေါ့။ စောစောက ကျွန်တော်ပြောသလိုပဲ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေမှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ နောက်တစ်ခါရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ၊ သိပ္ပံနှင့်နည်းပညာကိစ္စရပ်တွေ၊ ပညာရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ ဒါတွေကျွန်တော်တို့ ပြောဆိုဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။ ကာဇက်စတန်နိုင်ငံက တိုးတက်တဲ့နိုင်ငံတစ်ခုဆိုတာ မြင်ပါတယ်။ အဓိကကတော့ မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေ။ အထူးသဖြင့် မြေအောက် သယံဇာတပစ္စည်းတွေ ရေနံနဲ့ဓာတ်ငွေ့တို့၊ ကြေးနီ၊ ရွှေ၊ ခရိုမီယမ်၊ သံ တော်တော်လေး ထွက်ပါတယ်။ ကမ္ဘာမှာလည်း ထိပ်တန်းတင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလည်းလုပ်တဲ့ နိုင်ငံ တစ်ခုပါ။ သူတို့နိုင်ငံက ဂျုံက ကမ္ဘာမှာ အကောင်းဆုံး ဂျုံထဲမှာပါတာတွေ့ပါတယ်။ ဒါလည်း နမူနာ သုံးစွဲ ကြည့်ပြီးဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းထဲမှာလည်း အဓိကတော့ ပေါ်ဆန်းမွှေးဆန်ပေါ့။ ပေါ်ဆန်းမွှေးဆန်ကို တော်တော်လေး စိတ်ဝင်စားပါတယ်။ ကျွန်တော်လည်း ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကလည်း ဘယ်လိုလမ်းကြောင်းကနေ သူတို့ဆီပို့မလဲပေါ့။ ဒီဟာတွေ ဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံနိုင်ခဲ့မှု အခြေအနေ ကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကို နှစ်ဦးနှစ်ဖက်ကနေ စိတ်အားထက်သန်စွာနဲ့ တိုးချဲ့ဆောင်ရွက်သွားဖို့ ဆန္ဒရှိတာ တွေ့ရပါ တယ်။
မေး။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်တဲ့အခါ နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံတော် အစိုးရအနေနဲ့ အဘက်ဘက်မှ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူ ပြည်သားတွေအနေနဲ့လည်း အားတက်သရော ဘယ်လိုဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးသင့် သလဲဆိုတာ ယာယီသမ္မတကြီးအနေနဲ့ ပြောပြပေး ပါဦးရှင့်။
ဖြေ။ အဓိကတော့ ကျွန်တော်တို့က ဘက်ပေါင်းစုံက ကြိုးစားဖို့လိုတယ်။ တစ်ဖက်ကလည်း နိုင်ငံရေး အရ သဘောထားကွဲလွဲမှုတွေလည်း ပြည်ထောင်စုရဲ့ အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ပြောဆိုနေကြတာတွေက တော်တော်လေးကို အားနည်းချက်တော့ ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကတော့ သူတို့ နိုင်ငံရေးအရ ဘာသာရေးအရ တိုင်းရင်းသားရေးအရ တချို့ ပြောဆိုနေတာလေးပေါ့။ ပြောဆိုတာလေးတွေက ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ်ကိုင် မယ်ဆို ပိုကောင်းမယ်လို့ ကျွန်တော်မြင်ပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့တွေ ကြိုးစား အားထုတ်မှုလည်းလိုတယ်။ ကြိုးစားအားထုတ်တာက နှစ်ပိုင်းပေါ့။ တစ်ခုကတော့ ပညာသင်ကြားရေး အပိုင်းကို သွားရမယ်။ ဒါကငြင်းပယ်လို့ မရဘူး။ ပကတိတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့အခြေအနေက ပညာရေးအားနည်းချက်ရှိတယ်လို့ ပြောရမှာပဲ။ ဒုတိယက ဘာလဲဆိုရင် ကုန်ထုတ်လုပ်မှု၊ အလုပ်လုပ် ဖို့ လိုတာပေါ့။ ဒီနှစ်ခု ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ်။ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ အရင်တုန်းက ကျွန်တော်တို့က သယံဇာတပစ္စည်း တွေအပေါ်မှာပဲ ရောင်းတာပေါ့။ တွင်းထွက်ပစ္စည်းတွေ၊ ရေနံဓာတ်ငွေ့တွေ ရောင်းတာရှိမယ်။ နောက်တစ်ခါ သစ်တောထွက် ပစ္စည်းတွေရောင်းတာရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့က အလုပ်လုပ်ပြီး ထုတ်လို့ရတဲ့ ပစ္စည်းတင်ပို့ ရောင်းချမှုက အားနည်းပါတယ်။ ဒါကျွန်တော်က ထောက်ပြပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ဆီမှာရှိတဲ့ ရေမြေတောတောင်တွေကို အသုံးချပြီးတော့မှ ကုန်ထုတ်လုပ်မှုလုပ်ငန်းကိုသွားဖို့လိုတယ်။ အဲဒါတော့ ခိုင်မာတဲ့လုပ်ငန်းပဲ။ ခုနကသယံဇာတ ထုတ်ရောင်းတယ်ဆိုတာ ခိုင်မာတဲ့ လုပ်ငန်းတော့ မဟုတ်ဘူး။ ခိုင်မာတဲ့လုပ်ငန်းဆိုတာ အလုပ်လုပ်ဖို့ လိုတယ်။ ကျွန်တော် ကာဇက်စတန် သွားတဲ့အချိန်မှာ သတိပြုမိတာရှိတယ်။ ကျွန်တော်တို့က GDP မှာ သုံးခု ဖော်ပြပါတယ်။ ဘာလဲဆိုတော့ စိုက်ပျိုးရေး ကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီး ပေါ့။ သူတို့ကစိုက်ပျိုးရေးကဏ္ဍ တော်တော်နည်းတာတွေ့တယ်။ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှု ကဏ္ဍကတော့ တော်တော်လေးများတာ တွေ့ပါတယ်။ စိုက်ပျိုးရေး ကဏ္ဍက ၂၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ သူတို့လည်း သတိပြုမိမယ်ထင်ပါတယ်။ အခုသူတို့လည်း စိုက်ပျိုးရေးတွေ၊ ကုန်ထုတ်လုပ်မှုတွေ တော်တော်လေး အားပေးနေတာတွေ့ပါတယ်။ သူတို့နိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်မယ်ဆိုရင် ချက်ချင်းကိုတိုတောင်းတဲ့ ကာလအတွင်းမှာ ခွင့်ပြုပေးတယ်လို့ ပြောတယ်။ ကျွန်တော်တို့ဆီမှာလည်း ကုန်ထုတ်လုပ်မှုနဲ့ပတ်သက်ရင် လူတိုင်းက စိတ်ဝင်စားဖို့လိုတယ်။ အရောင်းအဝယ်ထက် ကုန်ထုတ်လုပ်မှုကို အရင်စလုပ်ပြီးတော့ ကုန်ထုတ်လုပ်မှုကတစ်ဆင့် တိုင်းပြည်ဝင်ငွေကို ရအောင်ရှာရမှာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်အနေနဲ့ သတိပြုမိဖို့ လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ယခုခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ခဲ့ပြီး ယာယီသမ္မတကြီးအနေနဲ့ နေ့မအား၊ ညမနား ဆောင်ရွက်ခဲ့တာတွေကို မြင်တွေ့ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာမိပါတယ်ရှင့်။ ယာယီသမ္မတကြီး အနေနဲ့လည်း ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ အောင်မြင်မှုတွေကို ပြောပြပေးပါဦးရှင့်။
ဖြေ။ အောင်မြင်တဲ့ခရီးစဉ်ပါဗျ။ ရုရှားနိုင်ငံကို ကျွန်တော်တို့သွားတဲ့ အချိန်မှာ အဏုမြူကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ နောက်တစ်ခါ အာကာသနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဒီနှစ်ခုကို သဘောတူညီချက်ယူခဲ့တာရှိပါတယ်။ အဲဒါလည်း နိုင်ငံအတွက် ခြေလှမ်းသစ်တွေ စပြီးချလိုက်တာပေါ့။ နောက်တစ်ခုက ကာဇက်စတန်နိုင်ငံပေါ့။ ကာဇက်စတန်နိုင်ငံက တရားဝင် လွတ်လပ်ရေးရတာတော့ ၁၉၉၁ ခုနှစ်နှောင်းပိုင်းကျမှ လွတ်လပ်ရေးရတာပါ။ ဒါပေမယ့် သမိုင်းကြောင်း အခြေခံက အများကြီးရှိခဲ့ပါတယ်။ သူ့ရဲ့လူသားအရင်းအမြစ်၊ သဘာဝ အရင်းအမြစ်တွေကို အသုံးချပြီးလုပ်တဲ့အခါမှာ အခုတိုးတက်မှုတွေက မျက်ဝါးထင်ထင် မြင်ရတာပေါ့။ ဒီလိုပဲ အက်စတာနာမြို့တော်တည်လာတာ ကျွန်တော်တို့ နေပြည်တော်ထက် နည်းနည်းလေးပဲ စောပါတယ်။ ဒါပေမယ့် သူတို့ကတော့ မြေအနေအထား အတော်လေးသေးတဲ့အတွက်ကြောင့် တည်ဆောက်ရေးက အတော်လေးအားရတာပေါ့လေ။ အတုယူစရာတွေ တွေ့တာပေါ့။ ကျွန်တော် သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုမျိုးတိုးတက်တဲ့မြို့ပြတည်ဆောက်မှုတွေ ဘယ်လိုလုပ်ကြမလဲ ဆိုတာလည်း စဉ်းစားလုပ်ကိုင်လို့ရတာပေါ့။ ဒါကလည်း အောင်မြင်မှုလို့ ကျွန်တော်ပြောချင်ပါတယ်။
သတင်းစဉ်


