နေပြည်တော် ဒီဇင်ဘာ ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာ ဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံတည်ဆောက်ခြင်း လုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်)အဆောက်အအုံ တည်ဆောက် ခြင်းလုပ်ငန်းခွင် ယာယီရှင်းလင်းဆောင်၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီမိုကရေစီ ပထမအစိုးရ သက်တမ်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဂီတ၊ သဘင်များ ဖျော်ဖြေ တင်ဆက်နိုင်မည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အနုပညာဗဟိုဌာနများကို နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများ အဖြစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု နောက်ခံသမိုင်းကြောင်း အခြေအနေများ၊ ဒီမိုကရေစီ ဒုတိယအစိုးရ သက်တမ်းကာလတွင် အဆိုပါနိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆက်လက် အကောင်အထည်ဖော်ရန် ရပ်တန့် ခဲ့ရမှုအခြေအနေများ၊ အဆိုပါ ရပ်တန့်ခဲ့ရသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် အဆောက်အအုံ ဒီဇိုင်းများအား မြန်မာ့ယဉ်ကျေးမှုကို ဖော်ညွှန်း ပြသနိုင်သည့် ဒီဇိုင်းများဖြင့် ပုံဖော်တည်ဆောက်သွားမည့် အခြေအနေများနှင့် လုပ်ငန်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတကာအဆင့်မီ အနုပညာ ဗဟိုဌာန(ရန်ကုန်)အား မူလ ရည်မှန်းချက်များနှင့်အညီ ဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားရန်လိုကြောင်း၊ ထိုသို့တည်ဆောက်ရာတွင်လည်း နိုင်ငံတကာအဆင့်မီသည့် ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျ တွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း၊ ယခု အနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များ တင်ဆက်ပြသနိုင်သည့် အဆင့်ဖြစ်အောင် တည်ဆောက်သွားရန် လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်ခြင်းသည် မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့် အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်၍ နိုင်ငံတော်က အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတကာအဆင့်မီ အနုပညာ ဗဟိုဌာန(ရန်ကုန်) တည်ဆောက် ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများ အနေဖြင့် ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလတွင် လုပ်ငန်းဆက်လက်အကောင်အထည်ဖော် မှုရပ်တန့်ခဲ့ရသဖြင့် အနုပညာရှင်များ၏ မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဖော်ထုတ်ခွင့် ၁၀ နှစ်ခန့်နောက်ကျခဲ့ရကြောင်း၊ ယခုအခါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများတည်ဆောက်ခြင်းစီမံကိန်းများကို အမြန်ဆုံး ဆက်လက်အကောင် အထည်ဖော်၍ မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်အနုပညာရပ်များ ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်