နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
မန္တလေး-လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီး ကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ် ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်းနေရာ
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်း ကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်း နေရာတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ရေရှည်တည်တံ့ခိုင်မြဲပြီး အဆင့်မီသည့်လမ်းဖြစ်ပေါ်လာစေရေး၊ ဒေသခံများ အဆင့်မီမီ အသုံးပြုသွားလာနိုင်ရေး စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်နှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
သုတေသနဌာနခွဲ (ပြင်ဦးလွင်)
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ပြင်ဦးလွင် ခရိုင်ရုံးခွဲ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စားသောက်ကုန်ဓာတ်ခွဲခန်း ရှင်းလင်းဆောင်၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စားသောက်ကုန်ဓာတ်ခွဲခန်းများ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ ပြည်တွင်းရှိ စားသောက်ကုန်ဆိုင်ရာ ဓာတ်ခွဲခန်းများ၊ စက်မှုဝန်ကြီး ဌာနရှိ ဓာတ်ခွဲခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MSME လုပ်ငန်းများနှင့် ထုတ်လုပ်မှု လုပ်ငန်း အမျိုးအစားများ၊ မြန်မာ့ SME များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မှု၊ ဓာတ်ခွဲစမ်းသပ် ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေနှင့် MSME လုပ်ငန်းများအတွက် ပို့ချမည့်သင်တန်းများ၊ သုတေသနဌာနခွဲ (ပြင်ဦးလွင်) ဖြစ်ပေါ်လာပုံနှင့် ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင်မှု၊ ဓာတ်ခွဲခန်း ဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO 17025:2017) ရရှိနိုင်ရေး ဆောင်ရွက်နေမှုနှင့် အဏုဇီဝဓာတ်ခွဲခန်းလိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်ဒေသသည် MSME လုပ်ငန်းများ များစွာရှိသည်ဖြစ်သဖြင့် စားသောက်ကုန် ဓာတ်ခွဲခန်း ဆောင်ရွက်ပေးခြင်းသည် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် သုတေသနဌာနခွဲ (ပြင်ဦးလွင်) အတွင်း MSME လုပ်ငန်းများမှ လက်ခံရရှိသော နမူနာပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ခြင်း ဆောင်ရွက်ထားရှိမှုနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေး စီမံကိန်း
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း အဆင့်ဆင့်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ အထပ်အလိုက်ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ မြန်မာပြည်တွင်အကြီးဆုံး Curved LED Display နှင့် အဆောက်အအုံ မျက်နှာစာများ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ အလှမီးဆိုင်းများ ထည့်သွင်းထားရှိမှု၊ ယာဉ်ရပ်နားသည့်နေရာများ ဆောင်ရွက်ထားရှိမှု၊ Solar System ဖြင့် စီမံကိန်းတစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို Air Condition System မှလွဲ၍ ကျန်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ခြောက်နာရီကြာ ပံ့ပိုးပေးနိုင်အောင် ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ ရေဝင်ရေထွက် ကောင်းမွန်စေရေးနှင့် ရေဆိုးစွန့်ထုတ်မှုတို့အတွက် တွက်ချက်ဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်းကို သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် ဆောက်လုပ်မှု စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ယခုသုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့် ဈေးသစ်စီမံကိန်းကို ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီ ဈေးတစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစုတစည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီသည့် အဆင့်မြင့်ဈေးဖြစ်သဖြင့် ဈေးရောင်းချမှုများသည်လည်း စနစ်တကျဖြစ်ရန်နှင့် အဆင့်မီရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေး စီမံကိန်း အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့် ဈေးသစ်အဆောက်အအုံ မျက်နှာစာတွင် အလျား ၁၆၅ ပေ၊ အနံ ၆၁ ပေ နှင့် ၁၄၅ ဒီဂရီရှိ မြန်မာပြည်တွင် အကြီးဆုံး Curved LED Display ကို တပ်ဆင်ထားရှိပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့် ဈေးသစ်အဆောက်အုံကြီး ရုပ်လုံးကြွ အကောင်အထည်ပေါ်လာမှုကို ဒေသခံပြည်သူများ အနေဖြင့် ဂုဏ်ယူစွာ လာရောက်ကြည့်ရှု ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက် လျက်ရှိ ကြကြောင်း သိရသည်။
သတင်းစဉ်


