နေပြည်တော် ဒီဇင်ဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ဒေသ ရေဖူလုံစွာ ရရှိရေး သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆင်လမ်းရေလှောင်တမံသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြင်ဦးလွင်မြို့နယ် အတွင်း ရေဖူလုံမှုရရှိရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိမှု၊ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်အရ ပြင်ဦးလွင်မြို့၌ သောက်သုံးရေ ပိုမိုလုံလောက်စွာရရှိရေး ဆင်လမ်းတမံရေပိုလွှဲအား နှစ်ပေ မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့မှု၊ စည်သာရေလှောင်တမံ ရေပိုလွှဲသုံးပေမြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ ပြင်ဦးလွင်မြို့ သောက်သုံးရေဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးတို့ အတွက် ဆင်လမ်း (၂) ရေလှောင်တမံ တည်ဆောက်ခြင်း၊ ပွဲကောက်ရေလွှဲဆည် တည်ဆောက်ခြင်း နှင့် ပင်တီးရေလှောင်တမံ တည်ဆောက်ခြင်းစသည့် စီမံကိန်းများကို ဆက်လက်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများနှင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့ သောက်သုံးရေ ဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးတို့အတွက် ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးရေလှောင်တမံ တည်ဆောက်ခြင်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆင်လမ်း (၂) ရေလှောင် တမံစီမံကိန်းသည် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းနေရာ၌ဖြစ်ပြီး စီမံကိန်းတည်ဆောက် ပြီးစီးပါက ခန့်မှန်းရေလှောင်ပမာဏ ဧက ပေ ၁၂၀၀ ကို သိုလှောင်နိုင်မည်ဖြစ်ကာ ဆင်ဖြူချောင်းမှ ရေများကို တမံအောက်ဘက်ရှိ ယင်းသာမ ရေလွှဲဆည်မှတစ်ဆင့် ရတနာပုံမြို့သစ်သို့ Gravity Flow System ဖြင့် သောက်သုံးရေပေးဝေနိုင်ခြင်း၊ ရပ်ကွက်ကြီး (၉/၁၆/၁၇/၁၈) များသို့ သောက်သုံးရေ တိုးချဲ့ ပေးဝေနိုင်ခြင်းတို့အပြင် ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ပျိုးမြေဧရိယာများအတွက် စိုက်ပျိုးရေကူဖြည့်တင်းပေးနိုင်မည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ ပင်တီးရေ လှောင်တမံ တည်ဆောက်ခြင်း စီမံကိန်းသည် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းနေရာ၌ဖြစ်ပြီး စီမံကိန်း တည်ဆောက်ပြီးစီးပါက ခန့်မှန်းရေလှောင်ပမာဏ ဧက ပေ ၄၀၀၀ ကို သိုလှောင်နိုင်မည် ဖြစ်ကြောင်း၊ သိုလှောင်ရေများအား Gravity Flow System ဖြင့် သဗြိုက်ချောင်းဘေးဝဲယာ စိုက်ပျိုးမြေဧရိယာ ၁၀၁၅ ဧကများသို့ ရေလွှဲဆည် ခုနစ်ခုမှ တစ်ဆင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးရေ ပေးဝေနိုင်မည် ဖြစ်သဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက်လည်း များစွာအထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် မြို့ပြရပ်ကွက်ကြီး (၁၀/ ၁၁/၁၂) များသို့လည်း ရေတင်စနစ်ဖြင့် သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်မည့် အကျိုးကျေးဇူးများစွာကို ရရှိလာစေမည်ဖြစ်ကြောင်း၊ အဆိုပါ ရေလှောင်တမံ စီမံကိန်းနှစ်ခု တည်ဆောက်ပြီးစီးပါက ပြင်ဦးလွင်မြို့ သောက်သုံးရေဖူလုံရေးကို ရရှိစေနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် လူဦးရေအတွက်ပါ လုံလောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့၏ ဂုဏ်ဒြပ်ဖြစ်သည့် ပန်းမြို့တော်၊ ကော်ဖီမြို့တော်စသည့် စီမံကိန်းများအတွက်လည်းများစွာ အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ပြီး ဒေသအတွင်း ပိုမိုစိမ်းလန်းစိုပြည်လာမှုနှင့်အတူ ခရီးသွား လုပ်ငန်းများလည်း များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ဒေသ၏လူမှုစီးပွားဘဝများလည်း များစွာ တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရေလှောင်တမံများ တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် တွက်ချက်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆင်လမ်းရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် ရေပိုလွှဲနေရာ၌ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ယခုကဲ့သို့ ဆင်လမ်းရေလှောင်တမံရေပိုလွှဲ နှစ်ပေမြှင့်တင်ခြင်းနှင့် စည်သာ ရေလှောင်တမံ ရေပိုလွှဲသုံးပေမြှင့်တင်ခြင်းများကို ကာလတိုအတွင်း လျင်မြန်ထိရောက်စွာ ဆောင်ရွက် နိုင်ခဲ့သည့်အတွက် ဒေသနှင့် ဒေသခံများ၏ လူမှုအကျိုးစီးပွားကို များစွာ အထောက်အကူဖြစ်စေကြောင်း၊ ရေလှောင်တမံများ၏ ရေဝေရေလဲ သတ်မှတ်ဧရိယာ အကွာအဝေးအတွင်း သစ်တောသစ်ပင်များ ဖုံးလွှမ်းမှုရှိစေရေး၊ သီးနှံများ စိုက်ပျိုးမှု မရှိစေရေးတို့အတွက်လည်း စဉ်ဆက်မပြတ် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ရေဖူလုံမှုကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆင်လမ်းရေလှောင်တမံမှ ရပ်ကွက်ကြီး (၁၉) - နမ့်ကပ်ကျေးရွာ - အနီးစခန်း လမ်းကြောင်းအတိုင်း ဒေသဖွံ့ဖြိုးတိုးတက်မှုများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပနေစေရေးအတွက် အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် မြေအသုံးချမှုများ စနစ်တကျဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စည်သာရေလှောင်တမံ ရေပိုလွှဲသို့ ရောက်ရှိပြီး ရေပိုလွှဲသုံးပေအမြင့် မြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စည်သာရေလှောင်တမံနှင့် စည်သာရေကူရေလှောင်တမံသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက ၂၀၁၅ ခုနှစ်မှ ၂၀၂၀ အတွင်း ပြင်ဦးလွင်မြို့နယ်တွင် သစ်တောဖုံးလွှမ်းမှု လျော့ကျရခြင်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ RS & GIS နည်းပညာအသုံးပြု၍ Google Earth မြေပုံများ၊ Landsat ဂြိုဟ်တုဓာတ်ပုံများဖြင့် စိစစ်ခြင်းတို့အရ ခုနှစ်အလိုက် စိစစ်တွေ့ရှိမှုများ၊ သစ်တောဖုံးလွှမ်းမှု ကျဆင်းသွားသည့်နေရာများအား သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများအား အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်သည့် နေရာများအား ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းခြင်းတို့ကို အလေးထားဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ မြေလွတ်မြေရိုင်း ဧရိယာနေရာများကို ကွင်းဆင်းစစ်ဆေး၍ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့တော်အား ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထင်းရှူးပင်များကိုလည်း မျက်စိပသာဒဖြစ်စေရေးနှင့် စိမ်းလန်း စိုပြည်မှုကို အထောက်အကူဖြစ်စေရေး စိုက်ပျိုးသွားရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသ စိမ်းလန်း စိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက မဖြစ်မနေထိန်းသိမ်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျှင် သဘာဝပတ်ဝန်းကျင် ညီညွတ် မျှတမှုကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး ရေအရင်းအမြစ်များကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့၏ အေးမြသည့် သဘာဝကိုထိန်းသိမ်းနိုင်ရေး မြို့၏မြောက်ဘက်၊ အရှေ့မြောက်ဘက် နှင့် တောင်ဘက်တို့တွင် သစ်ပင်သစ်တောများ စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ ရွက်ပိတ်တောများ၊ ရွက်အုပ်တောများအတွင်း၌လည်း သစ်တောပညာရပ်များအရ လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း။
မြို့နေလူဦးရေ တိုးပွားလာသည်နှင့်အမျှ သောက်သုံးရေနှင့် စိုက်ပျိုးရေလိုအပ်ချက်များသည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသသို့ လာရောက်သည့် ခရီးသွားဧည့်သည်များ၏ သုံးရေများ အတွက်ကိုလည်း ထည့်သွင်းစဉ်းစားထားရှိရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသ ရေဖူလုံစွာရရှိရေးအတွက် ရေလှောင်တမံများအဆင့်မြှင့်တင်ခြင်း၊ သစ်တောသစ်ပင် ဖုံးလွှမ်းမှုဖော်ဆောင်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ပြင်ဦးလွင်ကိုစံပြအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ မြစ်ချောင်းအင်းအိုင်များ၊ ရေအရင်းအမြစ်များကို စနစ်တကျ အကျိုးရှိရှိ ထိန်းသိမ်းဆောင်ရွက် သွားမည်ဆိုပါက စိမ်းလန်းစိုပြည်မှုကို မဖြစ်မနေ ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ယခုဖော်ဆောင်နေသည့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၏ အကျိုးရလဒ်များကို နောင်အနာဂတ် ပြည်သူလူထုက ခံစားရမည်ဖြစ်သဖြင့် စနစ်တကျဖြင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စည်သာရေကူရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် သိုလှောင် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ ဆင်လမ်းတမံရေပိုလွှဲနှင့် စည်သာရေလှောင်တမံ ရေပိုလွှဲအား နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆင်လမ်းတမံရေပိုလွှဲအား နှစ်ပေမြှင့်တင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်က ကန်ရေပြည့် ရေလှောင်ပမာဏ ၆၈၄၆ ပေရှိခဲ့ရာမှ ယခုအခါ ယခင်ကထက် ရေလှောင်ပမာဏ ၄၁၂ ဧကပေ၊ ရေဂါလန် ၁၁၂ သန်း ပိုမိုသိုလှောင်နိုင်ပြီး အချင်း ၁၈ လက်မရှိ သံမဏိ ရေထုတ်ပြွန်မှတစ်ဆင့် ပြင်ဦးလွင်မြို့ရှိ ဦးရေ ၁၅၀၀၀ ခန့်ကို တိုးချဲ့ရေပေးဝေနိုင်မည်ဖြစ်ကြောင်း၊ အလားတူ စည်သာရေလှောင်တမံ ရေပိုလွှဲအား သုံးပေမြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုကြောင့် ယခင်ကန်ရေပြည့် ရေလှောင်ပမာဏဧကပေ ၃၃၇၀ ရှိခဲ့ရာမှ ယခုအခါ ယခင်ကထက် ရေလှောင် ပမာဏ ၂၆၇ ဧကပေ၊ ရေဂါလန် ၇၂ သန်းခန့် ပိုမိုသိုလှောင်နိုင်မှုကြောင့် လူဦးရေ ၁၀၀၀၀ ခန့်ကို တိုးချဲ့ရေပေးဝေနိုင်သဖြင့် ပြင်ဦးလွင်ဒေသ ရေလုံလောက်စွာရရှိရေးအတွက် များစွာအကျိုးကျေးဇူး ပြုနိုင်မည်ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အနီးစခန်းလေဆိပ်သို့ ရောက်ရှိကြရာ လေဆိပ်ရှင်းလင်းဆောင်ခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်လေယာဉ်ရပ်နားရန် နေရာသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် လေဆိပ်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိစေရေး စနစ်တကျတွက်ချက်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အနီးစခန်းလေဆိပ်အား အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းသည် ရှမ်းပြည်နယ်အတွင်းသို့ လာရောက်သည့် ခရီးသွား ပြည်သူများအား အဓိကပို့ဆောင်ပေးသည့်နေရာဖြစ်စေရေးနှင့် ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့တော် ဖြစ်သည့်အတွက် လာရောက်လည်ပတ်သူများ အဆင်ပြေချောမွေ့စွာဖြင့် ခရီးသွားလာနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အလားတူ ပြင်ဦးလွင်ဒေသမှ ထွက်ရှိသည့် ဒေသထွက်ပစ္စည်းများ၊ အသီးအနှံများကို အခြားဒေသများသို့ ပိုမိုလွယ်ကူလျင်မြန်စွာ ဖြန့်ဝေပို့ဆောင်ပေးနိုင်ရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လေဆိပ်အား အဆင့်မြှင့်တင် ပေးခြင်းနှင့်အတူ ပြင်ဦးလွင်မြို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကားလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းဘေးဝဲယာ၌ လူသွားပလက်ဖောင်းများ ကိုလည်း အဆင့်မီစွာဖြင့် ထည့်သွင်းဆောင်ရွက်ပေးသွားရန် လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


