နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ပြင်စာကျေးရွာအနီးရှိ ရတနာပုံမြို့သစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ် စီမံကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက်အအုံသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရတနာပုံမြို့သစ် စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းအတွင်းဆောင်ရွက်ထားရှိမှု၊ လူနေအိမ်ရာများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ရတနာပုံ တယ်လီပို့ဆိုင်ရာ အဆောက်အအုံများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းနယ်မြေအတွင်း လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက်အအုံများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆောင်ရွက်ရန် Expression Of Interest – EOI ဖိတ်ခေါ်ဆောင်ရွက်ထားရှိမှု၊ နည်းပညာစက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းများ လည်ပတ်လျက်ရှိမှုနှင့် စီမံကိန်းဆက်လက် ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ရတနာပုံမြို့သစ်စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများဆိုင်ရာ အချက်အလက်များ၊ ရတနာပုံတယ်လီပို့ကုမ္ပဏီ လီမိတက်ပိုင် အဆောက်အအုံများဆိုင်ရာ အချက်အလက်များ၊ Soft Base Factories Area ရှိ စက်ရုံများဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ယခုရတနာပုံဆိုက်ဘာစီးတီးအား နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ရေးအတွက် Silicon Village အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီ ဒုတိယအစိုးရ (၂၀၁၅ - ၂၀၂၀ ခုနှစ်) လက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ရတနာပုံဆိုက်ဘာစီးတီး၏လုပ်ငန်းများ ရပ်တန့်သွားခဲ့ရကြောင်း၊ ယနေ့ခေတ်သည် IT ခေတ်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေ အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ဆိုက်ဘာစီးတီး မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာတိုးတက်ရေး အတွက်လည်း ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုစီမံကိန်းအား နိုင်ငံတော်၏ IT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများအား အဓိကထုတ်လုပ်ရန်အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) အနီးတွင်တည်ရှိသကဲ့သို့ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာက္ကသိုလ်များနှင့်ချိတ်ဆက်၍လည်း ဆောင်ရွက်နိုင်ပြီးလိုအပ်သည့် လူသား အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ငန်းပြန်လည်စတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန်တကယ် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့်မြေနေရာများကို ခွင့်ပြုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းနယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့် မြေနေရာများ၌ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများ၊ နေထိုင်ရန်ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများမရှိသည့် မြေနေရာများအား စည်းကမ်းနှင့်အညီ ဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးအား အစိုးရကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ ရတနာပုံမြို့သစ် အိမ်ရာဖွံ့ဖြိုး တိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ် စီမံကိန်းဧရိယာအတွင်း လူအပြည့်နေထိုင်မည်၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင်စီမံဆောင်ရွက် ထားရှိရန်နှင့် လျှပ်စစ်မီးလိုအပ်ချက်အား ကြိုတင် တွက်ချက်၍ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းမှ ဖြည့်တင်းဆောင်ရွက်သွားနိုင်ကြောင်း၊ စီမံကိန်း မြေနေရာများ၌ အဆောက်အအုံများ ထပ်မံဆောက်လုပ်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဖြစ်အောင် စနစ်တကျဆောက် လုပ်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းအတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) သို့ရောက်ရှိကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တက္ကသိုလ်စာသင်ဆောင်များ၊ ဘက်စုံသုံးခန်းမ၊ အလုပ်ရုံများ၊ အားကစားရုံများ တည်ဆောက်ထားရှိမှု၊ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပေးလျက်ရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အိပ်ဆောင်နှင့် ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာလိုအပ်မှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့်အိပ်ဆောင်နှင့် ဆရာ၊ ဆရာမ များအတွက်လိုအပ်သည့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်အတွက် သောက်သုံးရေများ လုံလောက်စွာရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး တက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


