နေပြည်တော် ဒီဇင်ဘာ ၆
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လှူဒါန်းလျက်ရှိသည်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဆေးဝါးနှင့်ဆေးပစ္စည်း ၂၆ မျိုး (တန်ချိန် ၆ ဒသမ ၉၃၈ တန်)၊ တစ်ကိုယ်ရေ သုံးပစ္စည်းများဖြစ်သည့် သွားတိုက် ဆေးဘူး ၅၀၀၀၀ နှင့် သွားတိုက်တံ အချောင်း ၅၀၀၀ (တန်ချိန် ၂ ဒသမ ၂၆၂ တန်) စုစုပေါင်း တန်ချိန် ၉ ဒသမ ၂ တန်ကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ သီရိလင်္ကာနိုင်ငံသို့ သွားရောက်ပို့ဆောင်လှူဒါန်းသည်။
အဆိုပါ လှူဒါန်းမှုများအပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်တန်ချိန် ၅၀၀ တို့ကိုလည်း ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ရာ လှူဒါန်းမှုတန်ဖိုးစုစုပေါင်း မြန်မာငွေကျပ် ၁၃၅၈ ဒသမ ၄၄ သန်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


