နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကကြီးမှူး၍ မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယထပ် အစည်းအဝေးခန်းမ၌ Online/In person(Hybrid) စနစ်ဖြင့် ကျင်းပသည်။
မူပိုင်ခွင့်ဆိုင်ရာဥပဒေများ ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်တို့က အမှာစကားပြောကြားပြီး ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဆွေးနွေးပွဲတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က မူပိုင်ခွင့်ဆိုင်ရာဥပဒေ (၄) မျိုး၏အနှစ်ချုပ်၊ ဇေယျာသီရိခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးမျိုးကျော်အောင်က စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေဆိုင်ရာမှုခင်းများ၊ အောင်မြေသာစံ ခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဒေါ်လွင်လွင်လှိုင်က တီထွင်မှုမူပိုင်ခွင့်ဥပဒေဆိုင်ရာမှုခင်းများ၊ ပျဉ်းမနားခရိုင်တရားရုံး ခရိုင်တရားသူကြီး ဦးစိုးခွန်ဖြူက New Patent Law and; New Issues, Challenges and Role of Intellectual Property Court ၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသန့်က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ သုတအဖြာဖြာ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြကြသည်။
တက်ရောက်
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တရားရေးအရာရှိများ၊ စာပေအနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ အမေးအဖြေများစာအုပ်ပြုစု ထုတ်ဝေရေးလုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း ၂၅ ဦးတို့သည် အွန်လိုင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ တရားသူကြီးများ၊ ခရိုင်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၅၃ ဦးနှင့် မန္တလေးရှေ့နေအသင်းမှ အသင်းဝင်ရှေ့နေများ ၅၆ ဦး၊ စုစုပေါင်း ၁၀၉ ဦးတို့သည် ကိုယ်တိုင်တက်ရောက်၍လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


