နေပြည်တော် ၁၄ ဖေဖော်ဝါရီ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တရားစီရင်ရေးသည် တရားရုံးများ၏ ပင်မလုပ်ငန်းတာဝန်ဖြစ်သောကြောင့် တရားစီရင်ရေး လုပ်ငန်းများ တိုးတက်ကောင်းမွန်ရန်အတွက် တရားရုံးအဆင့်ဆင့်၏အမှုများ စစ်ဆေးစီရင်မှု အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု၊ မှန်ကန်မှု၊ မျှတမှု၊ ဘက်မလိုက်မှု၊ အဂတိတရားကင်းစင်မှုတို့သည် အဓိကကျကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး၊ အဂတိတရားကင်းစင်သည့် တရားစီရင်ရေး ဖြစ်ပေါ်ရေး၊ တရားရုံးများရှိ သက်သေခံပစ္စည်းများ ထိရောက်မြန်ဆန်စွာ စီမံခန့်ခွဲရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအဆင့်အထိ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဥပဒေနှင့် အညီ လွတ်လပ်စွာ တရားစီရင်ရေးသည် နိုင်ငံတော်၏ အခြေခံမူဖြစ်သကဲ့သို့ တရားစီရင်ရေးမူ တစ်ရပ်လည်းဖြစ်ကြောင်း၊ အဆင့်ဆင့်သောတရားသူကြီးများ၏ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ ကျင့်ဝတ်လိုက်နာမှု၊ လုပ်ငန်းတွင် လုံ့လရှိမှုတို့ဖြင့်သာ လွတ်လပ်သောတရားစီရင်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အမှုအခင်းများကို ဥပဒေနှင့်အညီ တရားမျှတပြီး အချိန်မီ ထိရောက်စွာ ဖြေရှင်းပေးရေးနှင့် အထူးမှုခင်းကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ တရားမျှတမှုနှင့် တရားရုံးသတင်းအချက်အလက်များ အများပြည်သူလက်လှမ်းမီရေးတို့ကို ပိုမိုအလေးထား ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားရုံး၏ အကောင်းဆုံးဂုဏ်သတင်းကို ထိန်းသိမ်းလျက် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် တရားစီရင်ရေးအပေါ် အများပြည်သူတို့၏ ယုံကြည်ကိုးစားမှု တိုးတက်မြင့်မားလာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။
မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ရာဇဝတ်အမှု ပေါင်း (၂,ဝ၀၁) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၉ မှု အပါအဝင်) (၂,ဝ၁၀) မှု စစ်ဆေး ပြီးပြတ်ခဲ့ကြောင်း၊ တရားမအမှုပေါင်း (၂,၇၅၀) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၁၁၀ မှု အပါအဝင်) (၂,၈၆၀) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ ထို့ပြင် စာချွန်တော်လျှောက်ထားမှု (၃၁၇) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၁၆ မှု အပါအဝင်) (၃၃၃) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊
တိုင်းဒေသကြီးနှင့်ပြည်နယ် တရားလွှတ်တော်များတွင် ရာဇဝတ်အမှုပေါင်း (၇,၃၈၁) မှု လက်ခံ ရရှိပြီး (၇,ဝ၇၃) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမအမှုပေါင်း (၆,ဝ၇၆) မှု လက်ခံရရှိပြီး (၅,၁၆၁) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း (၂၃,၈၂၉) မှု လက်ခံရရှိပြီး (၂၂,၄၁၄) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမအမှုပေါင်း (၁၃,၃၉၃) မှု လက်ခံ ရရှိပြီး (၁၁,၈၅၃) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ မြို့နယ်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း (၃၁၅,ဝ၂၃) မှု လက်ခံရရှိပြီး (၃၁၀,၇၉၀) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမအမှုပေါင်း (၂၉,၁၆၂) မှု လက်ခံရရှိပြီး (၂၇,၄၅၉) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ ဥပဒေအရတည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့်မန္တလေး) တွင် ကလေးသူငယ် ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၃၅၁) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၄၃ မှု အပါအဝင်) (၃၉၄) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၁၄,ဝ၆၇) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၁၉၂ မှု အပါအဝင်) (၁၄,၂၅၉) မှု စစ်ဆေးပြီးပြတ် ခဲ့ကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး) တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း (၁၁၉,၆၆၂) မှုကို စစ်ဆေးစီရင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမှုပြီးပြတ်နှုန်းသည် ယခင်နှစ် အမှုပြီးပြတ်နှုန်းထက် ပိုမိုကောင်းမွန်လာသော်လည်း ရည်မှန်းချက်ပြည့်မီခြင်းမရှိသေးကြောင်း တွေ့ရှိရသဖြင့် အမှုပြီးပြတ်ရေး ပိုမိုကြိုးပမ်းကြရန်နှင့် တစ်နှစ်ထက်တစ်နှစ် များပြားလာသည့် မှုခင်းများကို ဥပဒေနှင့်အညီ ထိရောက်စွာ စီမံခန့်ခွဲကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


