နေပြည်တော် ၂၅ ဖေဖော်ဝါရီ
၂၀၁၉ မျိုးစေ့ပြပွဲ “2019 Seed Fair”ကို ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်း အတွင်း၌ ကျင်းပလျက်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ကျောင်းသားကျောင်းသူများက စိတ် ဝင်တစား ကြည့်ရှုလေ့လာလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့နံနက်ပိုင်းတွင်အဆိုပါပြပွဲသို ရောက်ရှိပြီး ပြခန်းများ၊ မျိုးစေ့၊ ပျိုးပင်များကို လှည့်လည်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူးနှင့် ပြခန်းတာဝန်ခံများ က လိုက်လံရှင်းလင်းပြသကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သီးနှံအထွက်နှုန်းနှင့် အရည် အသွေးမြင့်မားရေး သာမက ဖောက်ပြန်ပြောင်းလဲလျက်ရှိသော ရာသီဥတုဒဏ်နှင့် ပိုးမွှား ရောဂါဒဏ်ခံနိုင်သည့် ဒေသမျိုးရင်းများ၏ မျိုးအရည်အသွေး ထိန်းသိမ်းမြှင့်တင်ပေးခြင်းကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများ မျိုးကောင်းမျိုးသန့် ရွေးချယ်သုံးစွဲမှု မြင့်မားရေးအား ပေးဆောင်ရွက်သည့်အပြင် ယင်းတို့၏ မျိုးစေ့လိုအပ်ချက် တောင်းဆိုလာမှု များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင် သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
၂၀၁၉ မျိုးစေ့ပြပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပလျက်ရှိပြီး ပြပွဲတွင် ဌာနဆိုင်ရာ၊ ကုမ္ပဏီ၊ အဖွဲ့ အစည်းများမှ ပြခန်းပေါင်း ၄၄ ခန်းနှင့် မျိုးစေ့၊ ပျိုးပင်များ၊ မြေသြဇာများ၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများ၊ မျိုးစေ့ထုတ်ကုမ္ပဏီ ၄ ခုတို့၏ မျိုးစေ့ထုတ် စံပြစိုက်ခင်းများ စုံလင်စွာခင်းကျင်းပြသလျက်ရှိသည်။
(သတင်းစဉ်)


