နေပြည်တော် ၁၆ ဖေဖော်ဝါရီ
ကောက်စိုက်စက်များဖြင့် စိုက်နည်းစနစ်စမ်းသပ်ခြင်း၊ ကောက်စိုက်စက်နှင့် မျိုးစေ့ သန့်စင်စက် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုး ရေးသုတေသနဦးစီးဌာန သုတေသနစိုက်ကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာလုပ်သား ရှားပါးလာမှုပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် လယ်ယာသုံး စက်ကိရိယာများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလယ်ယာ ဝန်ဆောင်သူ များ၊ လယ်ယာသမဝါယမ အသင်းအဖွဲ့များ၊ လယ်ယာကဏ္ဍနှင့် ပါဝင်ပါတ်သက်သူများက ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်ရေး အရည်အသွေးကောင်း မွန်ရေး စားသုံးသူဘေးကင်းလုံခြုံရေး စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျက်ရှိသည့် နည်းတူ တောင်သူ့အကျိုးအမြတ် ဝင်ငွေနှင့် ရင်းနှီးမြုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာများကိုလည်း လေ့လာဖော်ထုတ်ပေးနိုင်ရေး ကြိုးပမ်းကြရန် လိုအပ်ကြောင်း။
စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တလျောက်တွင် ခေတ်မီနည်းပညာနှင့် စက်ကိရိယာ များ အပြည့်အဝအသုံးပြုရန် တောင်သူတစ်ဦးချင်းအတွက် ခက်ခဲနိုင်သော်လည်း သမဝါယမ စနစ်ဖြင့် စုပေါင်းဆောင်ရွက်ပါက ယင်းအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးသကဲ့သို့ တောင်သူအစုအဖွဲ့ သမဝါယမလုပ်ငန်း များ ဥပဒေနှင့်အညီ ထူထောင်လုပ်ကိုင်နိုင်ရေးကိုလည်း အားပေးကူညီကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် Keiwa Innovation Co.,Ltd နှင့် Minoru-Keiwa Myanmar Co.,Ltd တို့မှ တာဝန်ရှိသူများက ကောက်စိုက်စက်နှင့် မျိုးစေ့သန့်စင်စက် လှူဒါန်းရခြင်းကို ရှင်းလင်းပြော ကြားကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ကျေးဇူး တင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တစ်နာရီလျှင် ကီလိုဂရမ် ၆၀ဝ ကျ မျိုးစေ့ သန့်စင်စက်၊ စက်ကိရိယာအသုံးပြု၍ လယ်မြေမျက်နှာပြင်ညှိခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ Minoru RX61 ဂျပန်ကောက်စိုက်စက်အသုံးပြု၍ SRI စိုက်နည်းစနစ်ဖြင့် ကောက်စိုက်နေမှု တို့ကို ကြည့်ရှုအားပေးသည်။
Minoru-Keiwa Myanmar ကုမ္ပဏီမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ ယနေ့ ပေးအပ်လှူဒါန်းသည့် Minoru RX61 ဂျပန်ကောက်စိုက်စက်သည် ၆ တန်းပါ ကောက်စိုက်စက် ဖြစ်ပြီး စိုက်တန်းအကွာအဝေး ၁ ပေတွင် ပင်ကြား ၆ လက်မမှ ၁၂ လက်မအထိ လိုသလို ချိန်ညှိအသုံးပြုနိုင်ကာ ပျိုးပင် ၄၄၈ ပင်ပါသော ပျိုးဘမ်း ၂၃ ချပ် တင်ဆောင် အသုံးပြုနိုင် ကြောင်း သိရှိရသည်။
(သတင်းစဉ်)


