မန္တလေး ၁၉ ဖေဖော်ဝါရီ 

 

နဝမအကြိမ် တိုင်းရင်းဆေးပညာ သုတေသနစာတမ်းဖတ်ပွဲ (The 9th Traditional Medicine Research Congress) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၌ ကျင်းပသည်။

 

2653

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေး ပညာရပ်တစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနလုပ်ငန်းများသည် မရှိမဖြစ် အဓိကအရေးကြီးကြောင်း၊ တိုင်းရင်းဆေးပညာရပ်နှင့် ပတ်သက်၍ ကုသမှု၊ သင်ကြားမှု၊ ဆေးဘက်ဝင်ပစ္စည်းများနှင့် အပင်များ စိုက်ပျိုးထုတ်လုပ်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ ပြည်သူများ၏ တိုင်းရင်းဆေးပညာအပေါ် သဘောထားအမြင် စသည့် ကဏ္ဍပေါင်းစုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ ပိုမိုအားဖြည့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဆေးစွမ်းရှိထက်မြက်သော ဘယဆေးပင်များ ပိုမိုစိုက်ပျိုး၊ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် သုတေသနများကိုလည်း စိုက်ပျိုးရေးပညာရှင်များ၊ သစ်တောပညာရှင်များ၊ ရုက္ခဗေဒပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ သုတေသနပညာရှင်များနှင့် ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

ယခုတိုင်းရင်းဆေး သုတေသနစာတမ်းဖတ်ပွဲတွင် တိုင်းရင်းဆေး၊ ပြည်သူ့ကျန်းမာ၊ ဆေးသုတေသန၊ ရုက္ခဗေဒ၊ ဆေးဝါး စသည်ဖြင့် ကဏ္ဍပေါင်းစုံမှ ပညာရှင်များပူးပေါင်း လုပ်ဆောင်ထားသော သုတေသနများပါဝင်သည်ကို တွေ့ရှိရပြီး သုတေသနများသည် အရည်အသွေးပြည့်ဝ ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ သုတေသနစာတမ်းများနှင့် ပိုစတာများကို ဆုရွေးချယ်ရေးအဖွဲ့မှ ပထမ၊ ဒုတိယနှင့် တတိယဆုများ သတ်မှတ်၍ ဆုကြေးငွေနှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ စာတမ်းများဖတ်ကြား တင်ပြကြရာတွင် မေးမြန်းဆွေးနွေးရန် အချိန်သတ်မှတ်ထားရန်လိုကြောင်း။

 

ထပ်မံကျင်းပမည့် စာတမ်းဖတ်ပွဲများသို့ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ တိုင်းရင်းဆေးပညာရှင်များကို ဖိတ်ကြားရန်လိုကြောင်း၊ တိုင်းရင်းဆေး တက္ကသိုလ်တွင် ယခုကဲ့သို့ စာတမ်းဖတ်ပွဲများမှ သုတေသနစာတမ်းများကို ဆွေးနွေးသုံးသပ်ခြင်းဖြင့် ဆွေးနွေးပွဲများ ပိုမိုပြုလုပ်သွားရန်လိုကြောင်း၊ ဆက်လက်၍လည်း ပညာရပ်၊ ဌာန၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိမည့် သုတေသနများ လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက နဝမအကြိမ် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော တိုင်းရင်းဆေး သုတေသနပိုစတာများကို လှည့်လည်ကြည့်ရှုသည်။

 

တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ၌ သုတေသနစာတမ်း ၃၉ စောင်နှင့် သုတေသနပိုစတာ ၁၁ ခုတို့ ပါဝင်ခင်းကျင်းပြ သဆွေးနွေးသွားမည်ဖြစ်သည်။    

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဌ ဒေါက်တာ ဦးမိတ်နှင့် အဖွဲ့ဝင်များကို တွေ့ဆုံ၍ တိုင်းရင်းဆေးပညာရပ် ဘက်စုံပိုမို ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)