နေပြည်တော် ၁၂ ဖေဖော်ဝါရီ 

 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းများ၌ ကျင်းပသည်။

 

df

 

နံနက် ၇ နာရီခွဲမှစတင်၍ အမျိုးသား၊ အမျိုးသမီး ခေါင်းအုံးရိုက်၊ ဂုန်နီအိတ်စွပ်၊ သုံးချောင်းထောက်၊ လွန်ဆွဲနှင့် မီတာ (၁၀ဝ၊ ၂၀ဝ၊ ၄၀ဝ) အပြေးပြိုင်ပွဲများ၊ အမျိုးသမီး ထုပ်စည်းတိုးပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်များကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

 

df

 

ထို့နောက် ဆုပေးပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာဦးပွားနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအလိုက် ဆုရရှိသည့် အသင်းများကို ဆုများပေးအပ်ကြသည်။

 

df

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် တစ်နိုင်ငံလုံးရှိ အားကစားကွင်းနှင့် ရုံးများတွင် ပြည်သူများ လွတ်လပ်စွာ အားကစားပြုလုပ်ခွင့် ခွင့်ပြုထားသည့်အပြင် နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ရေးအတွက် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံများ၊ အားကစားကွင်းများနှင့် GYM Fitness အားကစားခန်းမတို့၌ ဌာနအလိုက် သို့မဟုတ် တစ်ဦးချင်းအနေဖြင့် ဝန်ထမ်းကတ်ပြ၍ အခမဲ့ဝင်ရောက် လေ့ကျင့်နိုင်ရန် စီစဉ်ထားရှိပြီး အားကစားပြိုင်ပွဲများကို ယခုထက်ပိုမို အရှိန်မြှင့်တင် ကျင်းပသွားမည့်အပြင် ဆုကြေးများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရှိရသည်။ 

 

(သတင်းစဉ်)