နေပြည်တော် ၁၅  ဖေဖော်ဝါရီ 
 

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် တပ်ကုန်းမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အမှာစကား ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နောက်နှစ် နှစ်တွင်  (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်ပွဲ ကျင်းပရတော့မည့် အချိန်ရောက် လာပြီဖြစ်ပါကြောင်း၊ စိန်ရတုပွဲကို ဘယ်လိုဆင်နွှဲကြမလဲဆိုသည်ကို ပြင်ဆင်ရမည့် အချိန်ရောက်လာပြီဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် အလုပ်လုပ်ခဲ့ပြီး စိန်ရတုတုန်းက မိမိတို့ မည်သို့ပါဝင်ခဲ့သည်၊ ဆင်နွှဲခဲ့သည် ဆိုသည်မှတ်တမ်းမှာ ဂုဏ်ယူစရာတစ်ခုပင် ဖြစ်ပါကြောင်း ။


ယနေ့ (၇၃)နှစ် မြောက်ဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တာဝန် ထမ်းဆောင်နိုင်ခြင်းသည်လည်း အင်မတန် ကံကောင်းပါကြောင်း၊ အဆောက်အဦများ၊ လုပ်ငန်းဌာနကြီးများ၊ အများတကာနှင့် ဆက်ဆံရသည့် အဖွဲ့အစည်းကြီးများသည်  နှစ်ပေါင်းများစွာ တည်တံ့လာသည်နှင့်အမျှ၊ သက်တမ်းရင့်လာသည်နှင့်အမျှ တန်ဖိုးရှိလာပါကြောင်း။


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာလကတည်းက ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းပြည်၏ နိုင်ငံရေးအပြောင်းအလဲများ၊ စစ်ပွဲကာလများစသဖြင့် ဖြတ်သန်းရှင်သန်ပြီး ယနေ့အထိ ရောက်ရှိလာပါကြောင်း၊ ထိုသို့ ဖြတ်သန်းလာသည့်အခါ ပြောင်းလဲသည့် အနေအထား အမျိုးမျိုးကို ရင်ဆိုင်ပြီး ဖြတ်သန်းခဲ့ရပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၈ ခုနှစ်အတွက် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိသူများကို ဂုဏ်ပြုလက်ဆောင် ချီးမြှင့်သည်။


ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက Program/ဇာတ်လမ်းတိုများတွင် ဆုရရှိ သူများကို ဂုဏ်ပြုဆု ချီးမြှင့်သည်။


ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အငြိမ်းစားယူသွားသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပြီး မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများအသင်းကိုယ်စား အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က ညွှန်ကြားရေးမှူးချုပ်အား အမှတ်တရပန်းခြင်း လက်ဆောင်ပေး အပ်သည်။


ထို့နောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါကံစမ်းမဲ ဖောက်ပေးသည့် အစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကံစမ်းမဲ ဆုမဲများကို  မဲနှိုက်ပေးကြသည်။


ညနေပိုင်းတွင် နှစ်ပတ်လည်နေ့ တေးဂီတ  ဖျော်ဖြေပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း နှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဇနီး၊ ညွန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းမိသားစုများ တက်ရောက် ကြည့်ရှုအားပေးကြသည်။


ဖျော်ဖြေပွဲတွင် မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၊ နိုင်ငံကျော် တေးသံရှင်များနှင့် ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရအဆိုရှင်များက သီဆိုဖျော်ဖြေကြသည်။ 


(သတင်းစဉ်)

 

123