နေပြည်တော် ၁၃ ဖေဖော်ဝါရီ
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ကြည့်ရှု အားပေးကြသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ခန်းမပြင်ပတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြသထားသည့် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြခန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သော ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပါဝင်ပြသထားသည့် ကာတွန်းပြပွဲကို လှည့်လည်ကြည့်ရှုပြီး ကာတွန်းဆရာများ၊ ကျောင်းသားကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ၊ ပြခန်းများနှင့် ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် ပုဗ္ဗသီရိမြို့နယ်တွင် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)က ဖွင့်လှစ်ခဲ့သည့် ပြည်ထောင်စု၏ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ပန်းခြံဖွင့်ပွဲအထိမ်းအမှတ် စာစီစာကုံးနှင့် ပနး်ချီပြပွဲကို သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်၊ ပုံပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ကာ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများကို ပြည်ထောင်စုနယ်မြေရှိ မြို့နယ်များတွင် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောနှင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများ ပြုလုပ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ထိုကဲ့သို့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားထုတ်ဝေသည့် စာအုပ်များအပြင် ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးနှင့် စည်းရုံးရေးဆောင်ရွက်မှု၊ တပ်မတော်တွင် ပါဝင်ဆောင်ရွက်မှု၊ ဗြိတိန်နှင့် ဂျပန်ခရီးစဉ် မှတ်တမ်းဓာတ်ပုံများကိုလည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပါဝင်ပြသထားသည်။
အခမ်းအနားသို့ လာရောက်သူများကို အောင်ဆန်းဒိုင်ယာရီစာအုပ်များ၊ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ပိုစတာများနှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ပြီး မြို့မိမြို့ဖများနှင့် လူမှုရေးအသင်း အဖွဲ့များကလည်း ပဲပြုတ်၊ နံပြား၊ လက်ဖက်ရည်နှင့် ရေသန့် စသည့် စာသောက်ဖွယ်ရာများ ဒါနပြုကျွေးမွေး ဧည့်ခံခဲ့သည်။
(သတင်းစဉ်)


