နေပြည်တော်   နိုဝင်ဘာ   ၂၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU နှင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာ ဝန်ကြီး H.E. Mr. Yury HORLAU တို့ကို ယမန်နေ့ မွန်းလွဲပိုင်းက Jasmine Palace Hotel နေပြည်တော်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနတို့အကြား ၂၀၁၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာအရ   ရောဂါရှာဖွေရေးနှင့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ ထုတ်လုပ်ရေးတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆေးဘက်ပညာရပ်ဆိုင်ရာ သင်ကြားရေးနှင့် ဘွဲ့လွန်ဆေးပညာရပ် ဆိုင်ရာသင်တန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဆေးလက်တွေ့ပညာရပ်၊ ဆေးကုသမှုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို  ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်းများကို Fast Track Mechanism ဖြင့် ဆေးဝါးမှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည့်ကိစ္စရပ်များ။ 

ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှထုတ်လုပ်သည့် အစားအသောက်၊ ကလေးအာဟာရမှုန့်၊ နို့နှင့် နို့ထွက်ပစ္စည်းများ မြန်မာနိုင်ငံသို့တင်ပို့ ရောင်းချနိုင်ရေးကိစ္စများတွင် ကျန်းမာရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ အရေးပေါ်ထိခိုက်ဒဏ်ရာရသူများကို ကုသပေးသည့် အရေးပေါ်ဆေးသေတ္တာ(First Aid Medical Box)နှင့် အရေးပေါ် သွေးတိတ်ပတ်တီးများ မြန်မာနိုင်ငံတွင် အသုံးပြုနိုင် ရေးနှင့် လိုအပ်ပါက ထုတ်လုပ်မှုအထိ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အသည်းအစားထိုးဆေးကုသမှု အပါအဝင်  ဆေးကုသမှုလုပ်ငန်းများတွင်  ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံ အပြန်အလှန် ဆေးဘက်ပညာရှင်များစေလွှတ်၍ ဆေးကုသမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ လေ့ကျင့်သင်ကြားပေးရေးကိစ္စရပ်များ၊ Virtual စနစ်ဖြင့် Telemedicine ဆေးကုသမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ် များ၊ ဆေးတက္ကသိုလ်(ရန်ကုန်နှင့် Belarus State Medical University (BSMU) တို့အကြား ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို    နိုဝင်ဘာလအတွင်းက  ချုပ်ဆိုခဲ့ပြီးဖြစ်ရာ နှစ်နိုင်ငံ ဆေးတက္ကသိုလ်များအကြား   ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့် သင်တန်းများ၊ သိပ္ပံပညာရပ်ဆိုင်ရာ  လက်တွေ့ဆွေးနွေးပွဲများ၊ ပညာရေးဆိုင်ရာညီလာခံများ၊ သင်တန်းများဖလှယ်ဆောင်ရွက်မည့် ကိစ္စရပ်များ စသည်တို့ကို   ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်