နေပြည်တော်  ၁၁  ဖေဖော်ဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့က မကွေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ကျင်းပသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မကွေးမြို့နယ်အတွင်းရှိ မိခင်ဝိုင်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များအား ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံသည် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းဖြစ်သည့်အတွက် လူသားတိုင်း၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွင် မသန်စွမ်းများအား ထောက်ပံ့မှုပေးရန်ပါဝင်၍ ငွေကြေးထောက်ပံ့မှု များ သာမက စွမ်းနိုင်သမျှ စွမ်းအောင် မိမိဘာသာရပ်တည်နိုင်ရေး အထောက်အကူပြု ဝန်းကျင်ဖန်တီးပေးခြင်း၊ သက်မွေးဝမ်းကြောင်းပညာများ သင်ကြားပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ မသန်စွမ်း(၄)မျိုးထဲမှ အကြားအာရုံ ချို့ယွင်းသောသူများအတွက် လက် သင်္ကတေပြ ဘာသာစကားများဖြင့် သင်ကြားပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုအောင်မြင်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို စွမ်းနိုင်သမျှ စွမ်းအောင် ကူညီထောက်ပံ့မှုများပေးရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် ကနဦး ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်စကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ ၁၂၃၃၀ အတွက် ထောက်ပံ့ငွေကျပ် ၃၆၉၉၀ဝ၀ဝ၀ ၊ မကွေးမြို့နယ်အတွင်း မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေကျပ် ၂၆၇၈၁၀ဝ ၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၂၉၅၅၀ဝ၀ ၊  ဆားစည့်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၆၅၃၄၀ဝ၀ ၊ နတ်မောက်မြို့နယ်၌ (၁၀၄)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ကျင်းပရန်အတွက် အလှူငွေကျပ် ၁၀ဝ၀ဝ၀ဝ ၊ မိခင်မေတ္တာကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ မကွေးမြို့နယ်အတွင်းရှိ တပ်မတော် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၂)ကျောင်းအတွက် တစ်ကျောင်းလျှင် ထောက်ပံ့ငွေကျပ် ၇၀ဝ၀ဝ၀ ၊ မိခင်ဝိုင်း(၅) ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၂၆၇၈၁၀ဝ နှင့် အခမ်းအနားသို့ တက်ရောက်လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရမုန့်များကိုပေးဝေကြရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

 

(သတင်းစဉ်)