နေပြည်တော် ၁၀ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်သောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများအတွက် ယနေ့နံနက်ပိုင်းက တတိယအကြိမ် ထောက်ပံ့ပေးအပ်သည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားလျက်ရှိသောတိုက်ပွားများကြောင့် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေရခြင်းများ ဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲရှောင် များအတွက် နိုင်ငံတော်အစိုးရက ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ (၂)ပတ်စာဆန်ရိက္ခာဘိုးငွေများကို ပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆန်ရိက္ခာ ဘိုးငွေ တစ်လစာ၊ အိမ်ထောင်စုများအလိုက် စောင်များ၊ အခင်းများနှင့် တာပေါ်လင်စများကို အိမ်ထောင်စု (၉၇၀)၊ လူဦးရေ (၄၄၇၀) အတွက် ပြည်နယ်အစိုးရထံသို့အပ်နှံ၍ လက်ဝယ် အရောက် ဆက်လက်ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ရာတစ်လခွဲ စားရိက္ခာများ ပေးအပ်ပြီး ဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင် ထပ်မံ၍ တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် တိုက်ပွဲရှောင် ဒေသခံပြည်သူ (၄,၇၅၂) ဦး အတွက် ဆန်ရိက္ခာ(၁)လစာထောက်ပံ့ငွေကျပ် (၄၂,၇၆၈,ဝ၀ဝ)ကို ရခိုင်ပြည်နယ် အမ်းမြို့ ရွှေအမ်းတောင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့်အဖွဲ့ထံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပေးအပ်သည်။ ဤထောက်ပံ့ငွေများကို တိုက်ပွဲရှောင်များလက်ဝယ်အရောက် ခံစား ရရှိနိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအစိုးရဌာနများနှင့်ပူးပေါင်းကာ စနစ်တကျ စီမံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ တိုက်ပွဲရှောင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအလေးထားဆောင်ရွက်မည်ဖြစ်ရာ ထပ်မံလိုအပ်ချက်များရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ အရေးပေါ် (၂၄)နာရီဝန်ဆောင်မှု ရှိသော ဖုန်း ဝ၆၇-၃၄၀၄၆၆၆၊ ဝ၆၇-၃၄၀၄၇၇၇ များသို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


