နေပြည်တော်    ဩဂုတ်     ၁၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည်   ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊  တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့နှင့် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများ၏ နည်းစနစ်ပိုင်းနှင့် သက်လုံပိုင်းဆိုင်ရာ လေ့ကျင့်နေမှုများကို   ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ မှာကြားသည်။

ထို့နောက် အလေးမလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် အလေးမအားကစားသမားများ၏ ဝိတ်တန်းများအလိုက် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး နေ့အလိုက် ရေးဆွဲထားသည့် Training Program များအတိုင်း နည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြားရန်၊ အောင်မြင်မှုအခြေခံဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်း၊ စံနှုန်း စသည့် “စ”ခုနစ်လုံးနှင့် ပြည့်စုံကောင်းမွန်အောင် ကြိုးစားလေ့ကျင့်ရန်၊ နည်းပြများအနေဖြင့် အားကစားသမားများ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲ လေ့ကျင့်သင်ကြားရန်နှင့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသားနည်းပြနှင့် အားကစား အထောက်အကူပြုပစ္စည်း လိုအပ်နေမှုများကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် ကြိုးစားလေ့ကျင့်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။                                  

သတင်းစဉ်