မြစ်ကြီးနား    အောက်တိုဘာ       ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့တွင်   ကချင်ပြည်နယ်   မြစ်ကြီးနားမြို့ရှိ အားကစား အဆောက်အအုံများ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ  ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း မြက်ခင်းအသစ် စိုက်ပျိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ငြိမ်းချမ်း သာယာရေကူးကန်၊   ငြိမ်းချမ်းသာယာ ဖူဆယ်ရုံ၊ ကြက်တောင်အားကစားခန်းမ၊ ဘော်လီဘောရုံနှင့် မြစ်ကြီးနား ခရိုင်အားကစားကွင်းတို့ကို လှည့်လည် ကြည့်ရှု၍ လိုအပ်ချက်များကို  မှာကြားကာ အသက် (၂၅)နှစ်အောက်(အမျိုးသမီး) ဘောလုံးအသင်း၏   လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးစကား ပြောကြားသည်။

ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးက အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသတွင်း လူငယ်များနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအဆောက်အအုံများ ခေတ်မီပြည့်စုံစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်  လက်ရှိ စစ်ဆေး ခဲ့သည့် အားကစားကွင်းများကိုလည်း   ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊ အများပြည်သူလာရောက်ကစားရာတွင် အားကစားကွင်း/ရုံများ သန့်ရှင်းသာယာသပ်ရပ်မှုရှိစေရန်၊ အားကစား ကွင်း/ရုံများ ပြည့်စုံလုံလောက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်တွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာစေရေးအတွက် ထူးချွန်ထက်မြက်အရည်အချင်းရှိ မျိုးဆက်သစ်လူငယ်အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပျိုးထောင်ပေးရေးလုပ်ငန်းစဉ်များကို အလေးအနက်ထား ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် နောင်ရာရပ်ကွက်တွင် ခိုလှုံနေထိုင်သည့်   ယာယီနေရပ်စွန့်ခွာ   အိမ်ထောင်စုများကို စားသောက်ကုန်နှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပြီး အံတော်ရှင်ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေရသည့် မိသားစုများအတွက်  လိုအပ်သော အားကစားပစ္စည်းများနှင့်   စာရေးကိရိယာများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်