နေပြည်တော် စက်တင်ဘာ ၇

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်    ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာခရိုင် အားကစားကွင်း၌ ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီစေရေး    စနစ်တကျစိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မိတ္ထီလာကန်ပေါင်ရှိ ကရဝိက်ကန်ပေါင်တံတားထိပ်၊  ရပ်တော်မူဘုရားရှေ့၊ မိတ္ထီလာကန်  View Point နှင့်  ဝန်ဇင်းကန်ပေါင် မြောက်ဘက်ထိပ်နေရာများ၌ အများပြည်သူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ  လာရောက်လေ့ကျင့်ကစားနိုင်စေရေးအတွက် Outdoor Fitness များ တပ်ဆင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊   ရှမ်းပြည်နယ်  တောင်ကြီးခရိုင်ရှိ   ကလောမြို့နယ် အားကစားကွင်း၌ အသက် ၁၇ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ တောင်ကြီးမြို့ ရွှေညောင်မြို့နယ်ရှိ     မြို့နယ်အားကစား ကွင်း၌   နှစ်ထပ်ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့ပြင် မိတ္ထီလာမြို့ရှိ နိုင်ငံပိုင်ငှားရမ်းထားသော ဟိုတယ်များ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်များအနေဖြင့် ဟိုတယ်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ  ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့်   ဝန်ဆောင်မှုအဆင့်တန်းမြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်