နေပြည်တော်   စက်တင်ဘာ   ၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များနှင့် ဟူပင်ဟိုတယ်၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့    ဒုတိယဝန်ကြီး   ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အစိုးရ၊ ပုဂ္ဂလိက၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃)ဖြင့်  ခရီးသွားလုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း    ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်  အရည်အသွေးရှိသော လူ့စွမ်းအားအရင်းအမြစ်များ ကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံး ပြန်လည်ပြုပြင်မွမ်းမံ၍ ဧည့်သည်များ လက်ခံနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ငလျင်ကြောင့်  ထိခိုက်ပျက်စီးခဲ့ရမှုနှင့်  ပြန်လည်ပြုပြင် မွမ်းမံဆောင်ရွက်နေမှုနှင့်   တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက်  ညောင်ရွှေမြို့ရှိ  ဝန်ကြီးဌာနမှ ငှားရမ်းထားရှိသည့် ဟိုတယ်များ၏ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တည်းခိုနေထိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန သတင်းနှင့်ပြန်ကြားရေးကောင်တာ၌ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ၊ ခရီးသွားလမ်းညွှန်မြေပုံများနှင့် စာအုပ်၊ စာစောင်များ  စီစဉ်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တောင်ကြီးရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး  ဝန်ထမ်းများအတွက် ဆန်၊  ဆီ၊  ကြက်ဥနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် ရှမ်းပြည်နယ် ကလောခရိုင် ညောင်ရွှေမြို့နယ်အားကစားကွင်းရှိ အားကစား ကွင်းနှင့် ပွဲကြည့်စင်များ ကြံ့ခိုင်မှုအခြေအနေ၊ အားကစားကွင်းနှင့်  ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိသည့်  ၂၀၂၅  ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ တက်ရောက်ပြီး တတိယနေရာလုပွဲစဉ်အဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့   ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲပြီးဆုံးချိန်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသည့်အတွက်   ပင်နယ်တီဆက်လက်ကစားရာ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။ 

သတင်းစဉ်