ဗန်ကောက် ဒီဇင်ဘာ ၁၀
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိ Rajamangala National Stadium ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်နှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲဝင်နိုင်ငံများမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် President of NOC Thailand (SEAGF) ဝန်ကြီးချုပ် Anutin Charnvirakul က အဖွင့်မိန့်ခွန်းပြောကြားပြီး ထိုင်းနိုင်ငံဘုရင် Vajiralongkorn က နှုတ်ခွန်း ဆက်အမှာစကားပြောကြားသည်။
ထို့နောက် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို တရားဝင် ဖွင့်လှစ် ကြောင်း ကြေညာပြီး ထိုင်းနိုင်ငံမှ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစားသမားများက မီးရှူးတိုင်အား လက်ဆင့်ကမ်းသယ်ဆောင် ထွန်းညှိကာ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ ဗန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်မြို့များတွင် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ အားကစားနည်း ၅၄ နည်း ထည့်သွင်းကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၈ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


