နေပြည်တော် ၁၂ ဖေဖော်ဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ သစ်တောဦးစီးဌာနမှ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသို့ အလှည့်ကျ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပသည့် မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့ ၂၀၁၈ - ၂၀၁၉ ခုနှစ်၊ အခြေခံသစ်တောပညာ၊ အထူး(၃)လ သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကိုလည်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသစ်တောကျောင်းတွင် အခြေအနေ၊ အချိန်အခါနှင့် လိုအပ်ချက်များအရ (၂)နှစ်သင်တန်း၊ တစ်နှစ်ခွဲသင်တန်း၊ (၉)လသင်တန်း စသည်ဖြင့် သင်တန်းကာလများ ပြောင်းလဲဖွင့်လှစ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် သင်တန်းဆင်းသည့် အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၃)အထိ သင်တန်းသား ဦးရေစုစုပေါင်း (၆၁၃၀)ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းအသီးသီးကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသားများသည် သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း စသည့် လုပ်ငန်းဌာနများ၏ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အဓိကကျောရိုး ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိကြပါကြောင်း။
ယနေ့သင်တန်းဆင်းပွဲတွင် သစ်တောဦးစီးဌာနမှ သင်တန်းသား(၅၂)ဦးနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သင်တန်းသား(၅)ဦး စုစုပေါင်း(၅၇)ဦး သင်တန်းတက်ရောက် အောင်မြင်ပြီး သင်တန်းဆင်းခြင်းဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ တရားမဝင်သစ် ခိုးထုတ်ခြင်းများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ရန်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်သူပူးပေါင်းပါဝင်သော လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ ဆောင်ရွက်သဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့် သတင်းပေးပို့ခြင်း စုစုပေါင်း (၁၁၀၉)ကြိမ်ရှိခဲ့ပြီး တရားမဝင် ကျွန်း၊ သစ်မာနဲ့ အခြားသစ် (၃၇၉၆)တန်ကျော်နှင့် တရားမဝင်သစ်လုပ်ကိုင်သည့် တရားခံ (၅၅၄)ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။
ပြည်သူလူထုဗဟိုပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ပြည်သူနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့် အခြေခံ သစ်တောပညာ (၂)နှစ် သင်တန်းသားများအား တွေ့ဆုံ၍ သင်တန်းဘာသာရပ်အလိုက် လေ့လာသင်ယူနိုင်မှုအပေါ် လေ့လာဆန်းစစ်၍ ပညာလေ့လာဆည်းပူးရာတွင် လိုက်နာကျင့်သုံးအပ်သည်များကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ သစ်တောကျောင်း၊ သစ်တောပြတိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြကွက်တစ်ခုချင်းအလိုက် ပြုပြင်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ထပ်မံဖြည့်စွက်ပြသရမည့် ပြကွက်များအား မှာကြားသည်။ ဆက်လက်၍ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းဌာနတို့မှ ဌာနအကြီးအကဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများအား တွေ့ဆုံ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


