နေပြည်တော် ၁၄ ဖေဖော်ဝါရီ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဂျပန်နိုင်ငံ MLIT ဒုတိယဝန်ကြီး Mr . Michio Kikuchi အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုများ တိုးတက်မှုအခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများ ပူးပေါင်းဆောင်ရွက်စေလိုမှု၊ စီမံကိန်းလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ယင်းနောက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (၆)ကြိမ်မြောက် ဂျပန်-မြန်မာ ဒုတိယဝန်ကြီးအဆင့် (The 6th Vice-Ministerial Level Meeting on Infrastructure Development Between Myanmar and Japan ) အစည်းအဝေးကို ကျင်းပရာ ဒုတိယဝန်ကြီး ဦးကျော်လင်းက ယခုကဲ့သို့ ဒုတိယဝန်ကြီးအဆင့် ဆွေးနွေးပွဲတွင် ODA Loan စီမံကိန်းနှင့် ပတ်သက်၍ ဘယ်အပိုင်းဦးစားပေးမည် ဒုတိယအနေဖြင့် နည်းပညာနှင့် ပတ်သက်၍ ဆွေးနွေးလိုပါကြောင်း၊ JICA သင်တန်းနှင့် ပတ်သက်၍ ဌာနလိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများ ဆွေးနွေး၍ ဂျပန်ရင်းနှီးမြှုပ်နှံသူများအတွက် မည်သည့်အခွင့်အလမ်းများရှိသည်ကို ဆွေးနွေးကြမှာဖြစ်ပါကြောင်း၊ နှစ်ဖက်သိလိုသည်များကို မေးခွန်းများ မေးမြန်းဆုံးဖြတ်ကြပြီး နှစ်နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း။
ရန်ကုန်မြို့ပတ်လမ်းနှင့် ပတ်သက်၍ ကုမ္ပဏီ (၁၀) ခုအောင်မြင်ထားပါကြောင်း၊ Risk အားလုံးကို တာဝန်ယူသည့် ကုမ္ပဏီအနိုင်ရမှာ ဖြစ်ကြောင်း၊ သုဝဏ္ဏသင်တန်းကျောင်းသည် မိမိတို့ဌာန၏ Regulartory Body ပြောင်းသည့်အခါတွင် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လာမှာဖြစ်ပါကြောင်း၊ ယခုအခါ Training and Research Center အဖြစ် ဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် MLIT မှ ဒုတိယဝန်ကြီးက ဆဌမအကြိမ်မြောက် ဒုတိယဝန်ကြီး အဆင့်အစည်းအဝေးတွင် ဂျပန်နိုင်ငံ Qualtity Infrastructure မြို့ပြဥပဒေ အဆောက်အဦများ တည်ဆောက်မှုနှင့် ဆက်စပ်အပြန်အလှန်ရင်းနှီးစွာ ဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံရင်းနှီးစွာ ဆက်ဆံရေး ခိုင်မြဲလာစေမှာဖြစ်ကြောင်း၊ အနာဂတ်အတွက် Infrastructure ဖွံ့ဖြိုးပြီး အရည်အသွေးမီဖို့ စဉ်းစားရန်လိုကြောင်း၊ သုဝဏ္ဏသင်တန်းကျောင်းကို သွားရောက်ကြည့်ရှုပြီး Human Resource မွေးထုတ်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် JICA မှ တာဝန်ရှိသူက စစ်တောင်းတံတားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် JBIC မှ တာဝန်ရှိသူတို့က Amendment to the LETTER of INTENT ကို ရေးလက်ရေးထိုး လဲလှယ်ခဲ့ကြသည်။
ဆက်လက်၍ Road Sector နှင့် Construction Industry Sector အခန်းကဏ္ဍအလိုက် စာတမ်းရှင်များနှင့် ပညာရှင်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် စာတမ်းများကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် ဂျပန် - မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသည့်အပြင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး နှစ်နိုင်ငံ လမ်း၊ တံတား၊ အိမ်ရာကဏ္ဍနှင့် သက်ဆိုင်သည့် အတွေ့အကြုံများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လမ်းစဉ်များနှင့် အစီအစဉ်များ၊ မူဝါဒများအား သက်ဆိုင်ရာအခန်းကဏ္ဍ အလုပ်ဆွေးနွေး၊ မျှဝေသည့်အတွက် ပို့ဆောင်ရေးကဏ္ဍနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


