နေပြည်တော်  ၁၀  ဖေဖော်ဝါရီ 

 

မက်(စ်)ဟိုက်ဝေးကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန် - ပြည်လမ်း(မှော်ဘီ - တိုက်ကြီးလမ်းပိုင်း) (၄၈)ပေ(၄)လမ်းသွား ကတ္တရာကွန်ကရစ် လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တာခွကျေးရွာအနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဝန်ကြီးဌာနအနေဖြင့် လမ်း - တံတားလုပ်ငန်းများကို B.O.T စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့်အတူ တိုင်းရင်းသား ပြည်သူများ လိုရာခရီးကို ချောမွေ့မြန်ဆန်ပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်း - တံတား လုပ်ငန်းများကို B.O.T ကုမ္ပဏီများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ B.O.T လမ်း - တံတားလုပ်ငန်းများတွင် ဘဏ္ဍာ ငွေစိုက်ထုတ်သုံးစွဲရန်မလိုဘဲ ပြည်သူများ၏ အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင် အသုံးပြုခြင်းဖြင့် ကဏ္ဍပေါင်းစုံ အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ၏ လမ်း - တံတား လုပ်ငန်းများကို B.O.T စနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် လားရှိုး - မူဆယ် လမ်းအပိုင်းမှစတင် ဆောင်ရွက်ခဲ့ရာ ယခုတိုင်းရင်းသား B.O.T ကုမ္ပဏီပေါင်း ၂၅ ဖွဲ့မှ လမ်းမိုင်ပေါင်း ၃၂၆၄ မိုင်ကို အဆင့်မြှင့်တင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ B.O.T ကုမ္ပဏီ များ၏ တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများ နှင့်တွက်ချက်ပြီး ပူးပေါင်း ဆောင်ရွက်မှသာ P.P.P ပုံစံဖြင့် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ခေတ်စနစ်နှင့် မကိုက်ညီသည့် ပဋိညာဉ်စာချုပ်များကို နိုင်ငံတကာစံနှုန်းနှင့် ညီညွတ်သော စာချုပ်တွေဖြစ်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်၏ နည်းပညာအထောက်အပံ့ဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေ အတိုင်ပင်ခံ အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ B.O.T ကုမ္ပဏီများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတကာစာချုပ်စာတမ်းစံနှုန်းများ နှင့်အညီ B.O.T ကုမ္ပဏီများ၏ စာချုပ်စာတမ်းများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေပါကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းဖြင့် ခေတ်စနစ်နှင့်လျော်ညီသော စီးပွားရေးအရ တွက်ခြေကိုက်ရန် ပြည်သူများမှ ပေးဆောင်ရမည့် လမ်းအသုံးပြုခများကို ရှာဖွေဆန်းစစ်ပြီး ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး Max Highway Co.,Ltd မှ  ရန်ကုန် - ပြည်လမ်း (မှော်ဘီ - တိုက်ကြီးလမ်းပိုင်း) (၄၈)ပေ(၄)လမ်း သွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုကို Video Clip ဖြင့် ပြသသည်။

 

ယင်းနောက် Max Myanmar Co.,Ltd  ဥက္ကဋ္ဌ ဦးဇော်ဇော် က B.O.T စနစ်ဖြင့် ဆောက်ရွက်နေသော လမ်းလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ မှော်ဘီ - တိုက်ကြီး လမ်းပိုင်း(၄၈)ပေ(၄)လမ်းသွား ကတ္တရာ ကွန်ကရစ်လမ်းကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

 

(သတင်းစဉ်)

 

111 IMG_