နေပြည်တော် အောက်တိုဘာ ၉

 

အောက်တိုဘာ ၅ ရက်က မြဝတီအာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ သဘင်အစည်းအရုံးဝင် မွန်ပြည်နယ်မှ ပွင့်နေခြည်ဇာတ်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅) နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်ပြီး ထောက်ပံ့ငွေပေးအပ်၍ ကရုဏာ စကားပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အနုပညာရှင် ဝန်ထမ်းများ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးစိန်မြအောင်၊ အတွင်းရေးမှူး ဦးနေဝင်းနှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခုကဲ့သို့ ပွင့်လင်းရာသီကာလ၌ သဘင်အနုပညာရှင်များအနေဖြင့် ကပ်ရောဂါဘေးဆိုးကြီးအကြားမှ ရုန်းကန်လှုပ်ရှားရန် ကြိုးပမ်းရင်းဖြင့် ယခုကဲ့သို့ကြုံတွေ့သွားရခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူများအနေဖြင့် သတင်းရလျှင်ရခြင်း ကူညီဆောင်ရွက်သင့်သည်များကို ငွေအား၊ လူအားဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ခြင်း အတွက် အသိအမှတ်ပြုလေးစားပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မိတ်ဖက် အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံသဘင် အစည်းအရုံးကြီးကို ကူညီချင်သောစေတနာ၊ စာနာတတ်သော စိတ်ထားများဖြင့် အလေးအနက်ထား၍ ယခုကဲ့သို့ အခမ်းအနားကျင်းပကာ ကူညီထောက်ပံ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) သို့ ငွေကျပ် ၂၂ သိန်းကို ထောက်ပံ့ပေးအပ်ရာ အစည်းအရုံးဥက္ကဋ္ဌ ဦးစိန်မြအောင်၊ အတွင်းရေးမှူး ဦးနေဝင်းနှင့် ဗဟိုကော်မတီဝင် ဦးမြစည်သူတို့က လက်ခံရယူကြသည်။

 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော အနုပညာရှင်ဝန်ထမ်းများက ငွေကျပ် ၃ သိန်းကိုလည်းကောင်း၊ အနုပညာရှင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက ငွေကျပ် ၂ သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို ကော်မတီဝင် ဦးဌေးလွင်က လက်ခံရယူသည်။

 

ထို့နောက် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးစိန်မြအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်