နေပြည်တော် ဒီဇင်ဘာ ၇

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာ စစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေကို လည်းကောင်း၊ ပြည်ပဆိုက်ရောက် ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း၊ ဆိုက်ရောက် ဗီဇာ (Visa on Arrival) ဖြင့် ရောက်ရှိလာသည့် ခရီးသည်များအား စစ်ဆေး ခွင့်ပြုဆောင်ရွက်သည့် ကောင်တာကို လည်းကောင်း၊ ပြည်ပနိုင်ငံအသီးသီးမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ဖြင့် ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို မည်သည့်အထောက်အထားမျှ မတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေး၍ NV Card ရရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြား တင်ပြနိုင်သူများကို Bographic/Biometric ကောက်ယူပြီး Unique ID နံပါတ် ထုတ်ပေးမှုအခြေအနေများကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် CIP Lounge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား တွေ့ဆုံရာ ဦးစွာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး က လေဆိပ် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်၍ လူဝင်မှု စစ်ဆေးရေးဆိုင်ရာ လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး အခြေအနေကို ရှင်းလင်းတင်ပြပြီး လေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်အောင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်၊ ထွက်ခွာလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ အခြေအနေနှင့် လက်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်အခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စား ဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုကြောင်း၊ ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှု မရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် လိုကြောင်း၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူ အဆင့်ဆင့်သို့ သတင်းပို့ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်