နေပြည်တော် ၂၅ ဖေဖော်ဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရှမ်းပြည်နယ် ကျိုင်းတုံလေဆိပ်ရှိ လေဆိပ်ခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက ကျိုင်းတုံလေဆိပ်၏ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ခရီးသည် ဝင်/ထွက်သွားလာမှု၊ လေယာဉ်ဆင်းသက် အသုံးပြုမှုများ၊ လေဆိပ်ခရီး သည် နားနေဆောင်သစ် တည်ဆောက်ရန် လျာထားမှုနှင့် လိုအပ်ချက်များကို လည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက လေဆိပ်အဆောက်အဦ တည်ဆောက်မှုနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဆောက်အဦတည်ဆောက်ရာတွင် ရေရှည်အသုံးပြုနိုင်သည့် အဆောက်အဦပုံစံရေးဆွဲရန်၊ ဒေသ၏ ရိုးရာယဉ်ကျေးမှု နှင့်လိုက်ဖက်မည့်ပုံစံများကိုပါ ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း မှာကြားပြီး လေဆိပ်အဆောက်အဦ တည်ဆောက်မည့်နေရာနှင့် ဝန်ထမ်းအိမ်ရာများ၊ လက်ရှိ လေဆိပ်အဆောက်အဦ ခရီးသည်နားနေဆောင်၊ ကျိုင်းတုံလေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ် နားနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့ တာချီလိတ်လေဆိပ် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နိုင်ရန် စီမံထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်း စွာ ဆင်းသက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်မှ ချမှတ်ထား သော စည်းမျဉ်းစည်းကမ်းအတိုင်း ဘေးကင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရန်၊ မြေပိုင် ဆိုင်မှုအထောက်အထားများအား သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် နောင်ဖြစ်ပေါ်တိုးတက်လာမည့် ခရီးသွားလာမှုအပေါ် မူတည်၍ လေယာဉ် ကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အဆင့်လိုက်ဆောင်ရွက်သွားရန် မှာကြားပြီး လေဆိပ်ခန်းမဆောင်၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
(သတင်းစဉ်)


