နေပြည်တော် ၁၆ ဖေဖော်ဝါရီ
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် လာအိုနိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး H.E. Dr. Khammany Inthirath နှင့် လာအိုနိုင်ငံ၊ Luang Prabang မြို့ရှိ Luang Prabang View Hotel ၌ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စများအား ဆွေးနွေးသည်။
မြန်မာ-လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ နားလည်မှုဆိုင်ရာ စာချွန်လွှာအရ နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူ/ ရောင်းချရေး၊ နည်းပညာဖလှယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား အပြန်အလှန် ဆွေးနွေးလျက်ရှိသည်။ အဆိုပါ နှစ်နိုင်ငံဝန်ကြီးအဆင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲမတိုင်မီ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ ဦးဆောင်ကျင်းပသည့် မြန်မာ-လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ အစည်းအဝေးများအား ကျင်းပသည်။
နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ ဆွေးနွေးခဲ့သော အချက်များ၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်း၍ ဓာတ်အားအပြန်အလှန် ရောင်း/ဝယ်ရေး၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေး၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများ ထိခိုက်ပျက်စီးမှု လျှော့ချဆောင်ရွက်နိုင်ရေး၊ နည်းပညာဖလှယ်ရေးနှင့် နှစ်နိုင်ငံ ပညာရှင်များ ပူးပေါင်း၍ အကြိုလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ရေး၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ဖလှယ်ရေးနှင့် တိုးမြှင့်ဆောင်ရွက်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
အဆိုပါခရီးစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး H.E. Dr. Khammany Inthirath နှင့်အတူ လာအိုနိုင်ငံ Xayaburi ပြည်နယ်ရှိ Xayaburi ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ၁၂၈၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စီမံကိန်းဖြစ်သည်။ Run of river type၊ Low Head Turbine အမျိုးအစား တပ်ဆင်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး Xayaburi Power Company မှ ၂၀၁၀ ခုနှစ်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ဓာတ်အား စတင်ထုတ်လုပ် လည်ပတ်နိုင်ရန် လျာထားဆောင်ရွက် လျက်ရှိသည်။ အဆိုပါစီမံကိန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများ ထိခိုက်ပျက်စီးမှု လျှော့ချဆောင်ရွက်နိုင်ရေး၊ စီမံကိန်းပတ်ဝန်းကျင်ရှိ ဒေသနေပြည်သူများအား စနစ်တကျပြန်လည်နေရာချထားရေး၊ ၎င်းတို့၏ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ကဏ္ဍ ဖွံ့ဖြိုးရေး၊ ရေသတ္တဝါ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Mekong River Commission (MRC) ၏ Guidline များနှင့်အညီ တည်ဆောက်သဖြင့် မဲခေါင်မြစ်ဝှမ်းဒေသ၏ စံနမူနာပြ Landmark ရေအားလျှပ်စစ်စီမံကိန်းတစ်ခု ဖြစ်သည်။
ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့သည် လာအိုနိုင်ငံ၊ Luang Prabang မြို့မှ ပြန်လည်ထွက်ခွာရာ မြန်မာနိုင်ငံသို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည်။
(သတင်းစဉ်)


