ရန်ကုန် အောက်တိုဘာ ၁
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းကကြီးမှူး၍ သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ယနေ့မှ အောက်တိုဘာ ၃ ရက်အထိ ရန်ကုန်မြို့လမ်းမတော်နှင့် ရန်ကင်းမြို့နယ်တို့၌ ရောင်းချပေးလျက်ရှိသည်။
မြေပဲဆီ၊ နှမ်းဆီတို့ကို ၅၀ ကျပ်သားဘူးမှ ငါးပိဿာဘူးများအထိ စိတ်ကြိုက်ဝယ်ယူနိုင်မည် ဖြစ်သည်။
မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ ဈေးနှုန်းဖြင့် လွတ်လပ်စွာ အကန့်အသတ်မရှိ ရောင်းချပေးပြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံးရှေ့နှင့် ရန်ကင်းမြို့နယ် ရန်ရှင်းလမ်း ရန်ကင်းဈေးမှတ်တိုင်အနီးတို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချမည်ဖြစ်သည်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ငါးကြိမ်မြောက်ဈေးရောင်းပွဲတွင် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်မြို့တို့ရှိ အသင်းဝင်ဆီစက် ပိုင်ရှင် ၁၅ ဦးတို့က စုပေါင်း၍ ဆီပိဿာချိန် ၆၀၀၀၀ ခန့်အထိ ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး မြေပဲထွက်ရှိမှု များပြားအောင်မြင်သဖြင့် ဆီစက်ပိုင်ရှင်များ စုပေါင်း၍ လာရောက်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ပြင်ပဈေးကွက်တွင် မြေပဲဆီ တစ်ပိဿာငွေကျပ် ၂၂၀၀၀ ခန့်ရှိကြောင်း သိရသည်။
မျိုးမင်းသူရ


