ရန်ကုန်    ဒီဇင်ဘာ    ၇

UFC 323 ပြိုင်ပွဲကို မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းက အမေရိကန်နိုင်ငံ၌ကျင်းပရာ မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် လက်ရှိချန်ပီယံ ဘရာဇီးနိုင်ငံသား ပန်တိုဂျာကို အနိုင်ယူပြီး ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသည်။

UFC နှင့် လက်တွဲအပြီး နှစ်အနည်းငယ်အကြာမှာပင် ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရခဲ့သည့် ဂျိုရှုအာဗန်သည် ပထမအချီ တစ်မိနစ်မပြည့်မီမှာပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ လက်ရှိချန်ပီယံ ဖြစ်သည့် ပန်တိုဂျာသည် ချန်ပီယံခါးပတ်ကာကွယ်နိုင်ရန် ပွဲအစကတည်းက အတင်းလိုက်ဖိထိုးပြီး ဂျိုရှုအာဗန်ကို အမြင့်ခြေကန်ချက်ဖြင့် တိုက်ခိုက်ရာ ပြန်အကျတွင် လက်ထိခိုက်မိပြီး ဆက်မထိုးနိုင်သဖြင့် ဒိုင်ပွဲရပ်ဖြင့် ဂျိုရှုအာဗန် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဂျိုရှုအာဗန်သည် ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာပြီးနောက် ကမ္ဘာ့အကျော်ကြားဆုံး တိုက်ခိုက်ရေးအဖွဲ့အစည်းဖြစ်သည့် UFC ၏ ပထမဆုံး  အာရှအမျိုးသားနှင့် မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ဂျိုရှုအာဗန်သည် UFC ၏ ဒုတိယအသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ၊ ဖလိုင်းဝိတ်တန်း အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံအဖြစ်ပါ မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့သည်။

ဂျိုရှုအာဗန်သည် UFC နှင့် လက်တွဲပြီးနောက် ၁၀ ပွဲထိုးသတ်ရာတွင် ကိုးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး နောက်ဆုံး ခြောက်ပွဲဆက်တိုက် အနိုင်ရရှိခြင်းနှင့်အတူ ကမ္ဘာ့ချန်ပီယံဖြစ်လာခြင်းဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-UFC