နေပြည်တော် ဒီဇင်ဘာ ၁
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များနှင့် မသန်စွမ်းအားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစားပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ(အကြီးတန်းအဆင့် ကျား/မ)၊ အပြေးပြိုင်ပွဲ(အငယ်တန်းအဆင့် ကျား/မ)၊ ဝှီးချဲလ် အပြေးပြိုင်ပွဲ(ကျား/မ)၊ သံလုံးပစ်ပြိုင်ပွဲ(ကျား/မ)၊ သံပြားပစ်ပြိုင်ပွဲ(ကျား/မ)၊ လှံတံပစ်ပြိုင်ပွဲ (ကျား/ မ) ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြပြီး အားကစားပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မသန်စွမ်းအမျိုးသမီးများ အတွက် အလှူငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ရေး ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော ပစ္စည်းများအသုံးပြုရေးနှင့် သဘာဝဘေးဒဏ်ခံနိုင်ရည် ရှိအောင် ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ဒီဇင်ဘာအားကစားလ အားကစားလှုပ်ရှားမှုများ ကျင်းပရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နေပြည်တော် အားကစားအသင်းများ အဆင့်မီဝင်ရောက်ယှဉ်ပြိုင်ရေး၊ အောင်မြင်မှု ရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ နေပြည်တော်အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


