၁၄ မေ
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ကြီးဖြစ်၏။ “ဗျာဒိတ်၊ ဖွား-မြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူသော စကားစဉ်အရ မြတ်ဘုရားရှင်၏ သစ္စာလေးပါး မြတ်တရားကို ရရှိတော်မူရာဖြစ်သည့် မဟာဗောဓိပင်ပေါက် သောနေ့ဖြစ်၏။ ထို့ပြင် “ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဌက၊ ဗုဒ္ဓဟေ” ဆိုအပ်သည့် ဗောဓိပင်သည် မြတ်ဘုရားရှင်၏ ဖွားဖက်တော်ခုနစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်၏။
ပူဇော်ထိုက်သည့် သစ်ပင်ထူးသစ်ပင်မြတ်
ဂေါတမမြတ်ဘုရားရှင်သည် ဗောဓိဉာဏ်ကိုရရန် အားထုတ်တော်မူရာ၌ အမှီပြုတော်မူသော သစ်ပင်ဖြစ်၍ စေတီသုံးမျိုးအနက် ပရိဘောဂစေတီတွင် ပါဝင်၏။ ဥဒ္ဒကပါဋ္ဌ အဋ္ဌကထာ နိဓိကဏ္ဍသုတ်အဖွင့်၌လည်း “စေတီဆိုသည်မှာ ပူဇော်သင့်ပူဇော်ထိုက်သည့် အရာဖြစ်၏။ ထိုစေတီသည် ပရိဘောဂစေတီ၊ ဥဒ္ဒဿစေတီ၊ ဓာတုစေတီဟု သုံးမျိုးရှိသည်။ ထိုသုံးမျိုးတွင် ဗောဓိပင်သည် ပရိဘောဂစေတီမည်၏” စသည်ဖြင့် ဖွင့်ဆိုထားသည်။ ထို့ကြောင့် ဂေါတမမြတ်ဘုရားရှင် ပွင့်တော်မူရာဖြစ်သော “ဗောဓိညောင်ပင်” သည်လည်း ပူဇော်ထိုက်သည့် သစ်ပင်ထူးသစ်ပင်မြတ်အဖြစ် ပါဝင်၏။
မဟာဗောဓိ
ဂေါတမမြတ်ဘုရားရှင်၏ သစ္စာလေးပါးမြတ်တရားကို သိမြင်တော်မူရာဖြစ်သော ထိုညောင်ဗုဒ္ဓဟေပင်သည် ဂေါတမ ဘုရားရှင် သာသနာ၌ ဗောဓိပင်ဖြစ်၏။ ယင်းဗောဓိပင်သည် ဂုဏ်အားဖြင့် ကြီးမြတ်သည့် သဘောရှိသဖြင့် “မဟာဗောဓိ ပင်” ဟု ခေါ်ဝေါ် ခြင်းဖြစ်၏။ ပါဠိစာပေ၌ ဗောဓိသည် အရိယာမဂ်၊ သဗ္ဗညုတဉာဏ်နှင့် ဗောဓိပင်ဟူသော အနက် အဓိပ္ပာယ်သုံးမျိုးတို့ကို ဟော၏။ အရိယာမဂ်သည် သစ္စာလေးတန် တရားမှန်ကို သိမြင်တတ်သောကြောင့် ဗောဓိမည်၏။ သိသင့်သမျှ ဉေယျတရားတို့ကို သိမြင်နိုင်သောကြောင့် သဗ္ဗညုတဉာဏ်တော်သည် ဗောဓိမည်၏။ မြတ်ဘုရားတို့ ပွင့်တော်မူရာသစ်ပင်တို့အား သစ္စာလေးပါး ဉေယျတရားတို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူရာဖြစ်သောကြောင့် ဗောဓိပင် ဟု ခေါ်၏။
မြန်မာနိုင်ငံဗောဓိပင်စိုက်ပျိုးသည့်ကာလ
မြန်မာနိုင်ငံတွင် ဗောဓိပင်စိုက်ပျိုးသည့် အချိန်ကာလမှာ သက္ကရာဇ် ၅၃၆ ခုနှစ်တွင် ပုဂံ၌ နန်းတက်တော်မူသည့် အလောင်းစည်သူ၏မြေးတော် နရပတိစည်သူလက်ထက်တွင် ပေါင်းလောင်းရှင်ဟုခေါ်သော အရှင်ပဿမထေရ်မြတ်သည် သီဟိုဠ်သို့ သွားရောက်ကာ အပြန်ခရီးတွင် ဗောဓိပင်ညောင်စေ့များကို ယူဆောင်လာပြီးနောက် နရပတိစည်သူမင်းအား ပေးတော်မူခြင်းကို မှတ်တမ်းဟောင်းများတွင် လေ့လာသိရှိရ၏။ ပင်းယခေတ်တွင် ဥဇနာမင်းကြီးသည် သက္ကရာဇ် ၇၀၂ ခုနှစ်တွင် ဗောဓိပင်စိုက်တော်မူ၏ဟု သာသနာလင်္ကာရ စာတမ်း ၁၂၆ တွင် ပြဆိုထားပေသည်။ မြန်မာနိုင်ငံသို့ ဗောဓိ ပင်များရောက်ရှိခဲ့သည့် သာဓကများနှင့် စပ်လျဉ်း၍ သက္ကရာဇ် ၅၆၃ ခုနှစ်တွင် ရေးထိုးခဲ့သော သင်ကြီးညောင်အုပ် ကျောက်စာ (ကျော-၂-၃) တွင် “က(မ်)န်ပသကူလေပြီအေ်။ ညောင်ဖီဖုန်” ဟုလည်းကောင်း၊ သက္ကရာဇ် ၆၅၃ ခုနှစ်တွင် ပုဂံမြို့၊ စောလှဝန်းကျောက်စာ (ကျော-၂၂-၂၃) တွင် “မိဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရေသွန်း၊ မပြတ်စေလျှင် တည်၏” ဟုလည်းကောင်း အထောက်အထားအရ ပုဂံခေတ်တွင် ညောင်ရေသွန်းကြ၍ မဟာဗောဓိပင်များရှိနေပြီဖြစ်ကြောင်း လေ့လာရပေ၏။
ဓမ္မစေတီ ဗောဓိပင်
ထူပါရုံဒါယကာမင်း နရပတိမင်းကြီး ၈၀၄ လက်ထက်နှင့် ပြည်စုန်မင်း မဟာသီဟသူရ ၈၃၀ လက်ထက်၌ ဗောဓိပင်များ လှူသွားကြသည်ကို တွေ့ရှိရသည်။ ဓမ္မစေတီမင်း ၈၃၃ သည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီး၏ အနောက်မြောက် ဆံတော်ကြီးလမ်းရှိ ကုန်းတော် ယခုဗောဓိကုန်းပေါ်တွင် သီဟိုဠ်ဒက္ခိဏသာခါဗောဓိပင်တော်မှရသော မျိုးစေ့ဖြင့် စိုက်ပျိုး ထား၏။ သက္ကရာဇ် ၁၁၆၈ ခု တပေါင်းလဆန်း ၇ ရက်နေ့တွင် ဘိုးတော်မင်းတရားကြီးသည် ရွှေတောင်သာဂသူ၊ ရွှေတောင် သီရိစည်သူတို့အား မဇ္ဈိမဒေသဘုရားပွင့်တော်မူရာ ဗောဓိပင် သို့ အဖူးအမြော် စေလွှတ်တော်မူခဲ့ပြီး အပြန်တွင် ဗောဓိပင် မဟာပါလရိဂူ သံဇိတ ဆက်သလိုက်သည့် မဇ္ဈိမဒေသမှ ဗောဓိပင်ငယ်ကို ဗောဓိမြေစစ်ဖြင့် အောက်ခံပြုလျက် ဘိုးတော်မင်းတရားကြီးကိုယ်တိုင် စိုက်ပျိုးတော်မူသည်။ ထိုမင်းလက်ထက် သက္ကရာဇ် ၁၁၉၆ ခုနှစ်တွင် မဇ္ဈိမဒေသဗုဒ္ဓဂယာမှ ဝန်ထောက်မင်းကြီး မဟာစည်သူ၊ စာရေးကြီး မင်းလှနန္ဒကျော်ထင်တို့ ပင့်ဆောင်လာသည့် ဗောဓိပင်ကို ရွှေနန်းတော်၏ အနောက်တောင်မှာ အလုံဝန်ကြီး ကိုးကွယ်သည့် ကျောင်းတိုက်အတွင်း မင်းကြီးကိုယ်တိုင် စိုက်ပျိုးတော်မူခဲ့၏။
အာနန္ဒာဗောဓိပင်
မြတ်ဘုရားရှင် ပွင့်တော်မူရာ မဟာဗောဓိပင်ကြီးမှ ဗောဓိပင်များ ပွားလာပုံမှာ “တေရသက နိပါတ် ကာလင်္ဂဗောဓိဇာတ်” ၌ မြတ်ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က လူအများသည် ပန်းနံ့သာ လှူဖွယ်ပစ္စည်းစသည်တို့ကို ကိုင်ဆောင်၍ ဘုရားရှင်ကို ပူဇော်ရန် လာရောက်ကြ၏။ ထိုအချိန်တွင် မြတ်ဘုရားရှင်သည် သတ္တဝါများကို တရားဒေသနာဖြင့် ချီးမြှောက်ဟောကြားရန် ဒေသစာရီကြွချီတော်မူနေခိုက်နှင့်ကြုံ၍ မြတ်ဘုရားရှင်အား မဖူးမြော်လိုက်ကြရ၍ စိတ်လက်မကြည်သာဖြစ်ကြပြီး ဂန္ဒကုဋိတံခါးဝတွင် ပန်းနံ့သာလှူဖွယ် ပစ္စည်းတို့ကိုချ၍ ပြန်သွားကြရ၏။ ယင်းသို့အကြောင်းကို အနာထပိဏ်သူဌေးကြီးက အရှင်အာနန္ဒာအား အကြောင်းစုံ လျှောက်ထားသောကြောင့် အရှင်အာနန္ဒာမှတစ်ဆင့် မြတ်စွာဘုရားအား “ရှင်တော်မြတ်ဘုရား ဒေသစာရီကြွချီနေခိုက် ကိုယ်စားပူဇော်မှု ပြုလုပ်နိုင်ကြပါရန် မဟာဗောဓိပင်မှ မျိုးစေ့ကိုယူ၍ ဇေတဝန်ကျောင်းတော်တံခါးမုခ်၌ စိုက်ထားလိုကြောင်း” တောင်းပန်လျှောက်ထားခဲ့တော်မူ၏။
မြတ်ဘုရားရှင်က “ထိုသို့ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့ပါလျှင် ငါဘုရား အမြဲရှိနေဘိသကဲ့သို့ဖြစ်ပြီး ကုသိုလ်တရားများ တိုးပွားကြောင်းဖြစ်၍ ကောင်းမြတ်လှပေသည်” ဟု နှုတ်တော်ဖြင့် ခွင့်ပြုတော်မူခဲ့သည်။ ဘုရားရှင်သည် မိမိကိုယ်စား ဖူးမြော်ခံနိုင်ရန် အရှင်အာနန္ဒအား မူလဗောဓိပင်မှမျိုးစေ့ကို ဆောင်ယူစိုက်စေ၍ အရှင်မဟာမောဂ္ဂလန် မထေရ်မြတ်သည်လည်း ယူဇနာ ၆၀ ဝေးကွာသော ဗောဓိမဏ္ဍိုင်ကုန်းတော်သို့ ကောင်းကင်ခရီးဖြင့် ကြွချီ၍ ကြွေကျဆဲဖြစ်သော မူလမဟာဗောဓိမျိုးစေ့ကို သင်္ကန်းဖြင့်ခံ၍ ယူဆောင်လာခဲ့ပြီး အရှင်အာနန္ဒာအား ပေးတော်မူ၏။ ဗောဓိပင်မျိုးစေ့ကို ဇေတဝန်ကျောင်းဝင်းတွင် တံခါးမုခ်၏ သတ်မှတ်နေရာ၌ အနာထပိဏ်သူဌေးသည် စိုက်ပျိုးလိုက်ရာ တန်ခိုးတော်ကြောင့် မြေသို့မရောက်မီ ထွန်တုံး ပမာဏခန့် အတောင် ၅၀ မြင့်သော မဟာဗောဓိပင်သည် ပရိသတ်များ၏ ရှေ့မှောက်၌ပင် ခက်မငါးဖြာနှင့် ပြည့်စုံစွာဖြင့် အံ့ဩဖွယ်ရာ ရုတ်ခြည်းပေါက်ဖွားလာခဲ့၏။ ထိုအချိန်တွင် ကောသလမင်းကြီး၊ ရဟ္တာမထေရ်ကြီးများ၊ အနာထပိဏ်၊ ဝိသာခါ စသောသဒ္ဒါတရားနှင့် ပြည့်စုံသော အရိယာပုဂ္ဂိုလ်များ ရှိနေကြ၏။ ထိုဗောဓိညောင်ပင်အောက်၌ပင် ဘုရားရှင်သည် တစ်ညတာ နိရောဓသမာပတ်ဝင်စားတော်မူလေ၏။ ပေဿနဒီ ကောသလမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် မဟာဗောဓိပင်ကို ဘုရားရှင်ကိုယ်တော်အလား ပန်းနံ့သာ၊ ဆီမီး စသည်တို့ဖြင့် နေ့စဉ်ပူဇော်သက္ကာရပြုကြလေ၏။ အပူရှိန်ပြင်းသည့် ကဆုန်လ သို့ရောက်သောအခါ မင်းနှင့်ပြည်သူတို့သည် မဟာဗောဓိပင် မညှိုးရော်စေရန် ရေသွန်းပူဇော်ပွဲသဘင်ကိုကျင်းပကြ၏။ ဤသို့ ဗောဓိပင်ကို အရှင်အာနန္ဒာမထေရ်ကြီးမှူး စိုက်ပျိုးသဖြင့် “အာနန္ဒာဗောဓိ” ဟု အမည်တွင်နေသည်။ အိန္ဒိယသို့ ဗုဒ္ဓဂယာဘုရားသွားရောက်သူတိုင်း အာနန္ဒာဗောဓိပင်ကို ဇေတဝန်ကျောင်းဝင်းတွင် ယနေ့တိုင် ဖူးမြော်နိုင်ပါ၏။
အိန္ဒိယနိုင်ငံပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းတရားကြီးသည် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်၏ အမိန့်ရှိတော်မူသည့်အတိုင်း မဇ္ဈိမဒေသဘုရားပွင့်တော်မူရာ မူလမဟာ ဗောဓိပင်ကြီးမှ တောင်ဘက်ကိုင်းကို ညောင်ပင်အောက် အင်းပျဉ်ပေါ်တွင် မင်းကြီးကိုယ်တိုင်ရပ်ကာ လက်ယာတောင်ကိုင်းကို ရွှေစုတ်တံဖြင့် ဟင်္သာပြဒါး (ဆေးဒန်းမြင်းသိလာ) တို့ဖြင့် ရေးသားပြီး “အကယ်၍ မဟာဗောဓိပင်သည် သီဟိုဠ်ကျွန်း၌ တည်အံ့၊ ငါသည်လည်း ဘုရားသာသနာ၌ ယုံမှားကင်းသည်ဖြစ်အံ့၊ ဤဗောဓိပင်သည် အလိုလိုရွှေဖျဉ်း၌ တည်ပါစေသတည်း” ဟု သစ္စာဆိုလေ၏။ မင်းကြီးသစ္စာဆိုပြီးသည်နှင့် တစ်ပြိုင်နက် သတ်မှတ်ထားသောနေရာမှ ပင်စည်အမြင့် ဆယ်တောင်မျှရှိပြီး ဗောဓိသီး ငါးလုံးပါရှိသည့် လေးတောင်ခန့်မျှသော ခက်မငါးဖြာနှင့် ပြည့်စုံသည့်လက်ယာ တောင်ကိုင်းသည် အလိုလိုပြတ်၍ ရွှေဖျဉ်းထက်၌တည်လာလေသည်။ ယင်းဗောဓိကိုင်းကို သီရိဓမ္မာသောကမင်းကြီး၏ သမီးတော် သင်္ဃမိတ္တာ ရဟ္တာထေရီမသည် ပရိသတ်အခြံအရံများစွာနှင့် သီဟိုဠ်နိုင်ငံသို့ ပင့်ဆောင်ပြီး စိုက်ပျိုးခဲ့လေ၏။
မြန်မာနိုင်ငံတွင်ထင်ရှားသောဗောဓိပင်များ
၁။ သက္ကရာဇ် ၃၃၈ ခုနှစ်တွင် ရှင်အရဟံ စိုက်ပျိုးခဲ့သော မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ပင်းမြို့ရှိ မဟာ ဗောဓိရွှေညောင်တော်။
၂။ သက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် သာယာဝတီမင်း လက်ထက် ရှာဖွေတွေ့ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဝင်ဒါမီယာ တောင်ဖျား ဗောဓိကုန်း ကျောင်းတိုက်အတွင်းရှိ ဗောဓိညောင်တော်။
၃။သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် သီဟိုဠ်မှ ပင့်ဆောင်လာပြီး ၁၂၂၂ ခုနှစ်တွင် မင်းတုန်းမင်း စိုက်ပျိုးခဲ့သော မန္တလေးမြို့၊ စကြာနွယ်ဇင်ရပ်ရှိ မင်းတုန်းမင်း၏ကုသိုလ်တော်ဗောဓိပင်။
၄။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက်ကန်ရွာရှိ ဆရာတော်ဦးနာရဒ စိုက်ပျိုးတော်မူသော ဗောဓိ တစ်ထောင် ဗောဓိပင်များ။
၅။သက္ကရာဇ် ၁၃၂၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အင်ဒီယာဂန္ဒီ၏ လက်ဆောင်ကို သက္ကရာဇ် ၁၃၃၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ (၁၄-၉-၆၈)စနေနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မြေချ စိုက်ပျိုးပူဇော်အပ်သော ကမ္ဘာအေးပိဋကတ်တိုက်ဥပစာရှိ ဗိုလ်ချုပ်ကြီးနေဝင်း၏ ကုသိုလ်တော် ဗောဓိပင်။
၆။သက္ကရာဇ် ၁၃၆၄ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြေချ စိုက်ပျိုးခဲ့သော ရန်ကုန်မြို့၊ ဓမ္မရက္ခိတကုန်းမြေ၊ မဟာ ဝိဇယစေတီတော်အနီးရှိ သီရိလင်္ကာနိုင်ငံမှ လက်ဆောင်ပေးသော ဗောဓိပင်တို့ဖြစ်၏။
ဖွားဖက်တော်ခုနစ်ပါးတွင် ပါဝင်သောဗောဓိပင်သည် ပရိဘောဂစေတီတော်ဖြစ်သည့်အလျောက် ယင်းဗောဓိပင်၏ ကျေးဇူးကို အောက်မေ့လျက် ဂေါတမမြတ်ဘုရားရှင်သည် ရပ်လျက် မမှိတ်မသုန် ခုနစ်ရက်တိတိ ကြည့်ရှုတော်မူခဲ့ရာ နေရာ၌ အနိမိဿစေတီတော်အဖြစ် ပူဇော်ထားသည်ကို ဒုတိယ သတ္တာဟအဖြစ် ဖူးမြော်နိုင်ကြလေ၏။ မြတ်ဘုရားရှင် တို့သည် ဗောဓိပင်နှင့် ရွှေပလ္လင်တို့ နေရာတစ်နေရာတည်း၌ ပွင့်တော်မူကြခြင်းဖြစ်၏။
ဗောဓိပင်စိုက်ခြင်းအကျိုးကျေးဇူး
ဗောဓိပင်စိုက်ပျိုးပူဇော်ခြင်းနှင့်ပတ်သက်ပြီး အသန ဗောဓိယ မထေရ်လောင်းသည် တိဿဘုရားရှင်တို့၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်သား ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှကင်းလွတ်ရခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိသည်။ ဂန္ဓောဒကတိဿ မထေရ်လောင်းအနေဖြင့် ပဒုမုတ္တဘုရားရှင်တို့၏ ဗောဓိပင်ကို နံ့သာရည်သွန်းလောင်းသော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ အနာရောဂါကင်းရှင်းခြင်း၊ ကျန်းမာသုခ ပြည့်စုံခြင်း စသည့် အကျိုးကျေးဇူးများကို အသီးသီးခံစားကြရ၏။
မဟာဗောဓိပင်ကို ရေသွန်းကြသည့် ယဉ်ကျေးမှုဓလေ့နှင့် စပ်လျဉ်း၍ မြတ်ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က ပဿန ဒီကောသလမင်းကြီးသည် အာနန္ဒာဗောဓိပင်ကို အမွှေးနံ့သာရည်တို့ဖြင့် သွန်းလောင်းခဲ့ဖူးပြီး သာသနာတော်သက္ကရာဇ် ၂၃၆ ခုနှစ်တွင် သီရိဓမ္မာသောကမင်းသည် ဒက္ခိဏသာခါမဟာ ဗောဓိပင်ကို အနောတတ်ရေစင်ဖြင့် အကြိမ်ကြိမ်ဘိသိက် သွန်းလောင်းခဲ့ဖူးကြောင်း မှတ်တမ်းများရှိ၏။
မြတ်ဘုရားရှင်နှင့် မဟာဗောဓိပင်သည် ခွဲခြား၍မရ စကောင်းပါပေ။ မဟာဗောဓိပင်သည် ဘုရားရှင်၏သင်္ကေတ ဖြစ်သည်။ မြတ်ဘုရားရှင်သည် ၃၅ နှစ်အရွယ်ဗောဓိပင် အောက်တွင်ပေါက်သော ရွှေပလ္လင်ထက်၌ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် ပု၊ ဒိ၊ အာ ဟူသော ဉာဏ်တော်သုံးမျိုးကိုရပြီး သဗ္ဗညုတဉာဏ်တော်ရှင်အဖြစ် လောကသုံးပါးတွင် ဘုရားစင်စစ် ဧကန်ဖြစ်တော်မူခဲ့၏။ လပြည့်ကျော်တစ်ရက်နေ့ မှစ၍ ပထမသတ္တာဟအဖြစ် ဗောဓိပင်ရင်းတွင် ခုနစ်ရက်သီတင်း သုံးတော်မူ၏။ ဒုတိယ သတ္တာဟတွင် ဤမျှကျေးဇူးကြီးမားသော ဗောဓိပင်ကို ဘုရားရှင်သည် အနိမိသကုန်းထက်မှနေ၍ ဗောဓိပင်ကို ခုနစ်ရက်ပတ်လုံး မတ်တတ်ရပ်ကာ မမှိတ်မသုန်သောမျက်စိဖြင့် ကြည့်တော်မူခြင်းဖြင့် ကျေးဇူးဆပ်တော်မူခဲ့လေ၏။
ကဆုန်လညောင်ရေသွန်းပွဲတော်ပေါ်ပေါက်လာ
“ဗောဓိ” ဆိုသည်မှာ ဘုရားရှင်တို့၏သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုသော သဗ္ဗညုတ ဉာဏ်တော်ကို ဆိုလိုပါ၏။ ထိုဉာဏ်တော်ရရှိရာအရပ် အပရာဇိတ ရွှေပလ္လင်ထက်၌ ပေါက်သောအပင်သည် “ဗောဓိပင်” ဟု ခေါ်၏။ ဥပမာ- ကကုသန်မြတ်စွာဘုရား၏ ဗောဓိသည် ကုက္ကိုပင်ဖြစ်သည်။ ဂေါတမမြတ်ဘုရား၏ ဗောဓိသည် ရေသဖန်းပင်၊ ကဿပမြတ်ဘုရား၏ ဗောဓိသည် ပညောင်ပင်၊ ဂေါတမဘုရားရှင်သည် ညောင်ဗုဒ္ဓဟေပင်၊ နောင်ပွင့်လတ္တံ့ သော အရိမေတ္တယျ ဘုရားရှင်၏ဗောဓိသည် ကံ့ကော်ပင် စသည်တို့ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အနေဖြင့် မြတ်ဘုရားနှင့်ပတ်သက်၍ ဗုဒ္ဓဝင်သမိုင်းမှတ်တိုင်စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ထူးခြားချက်များတွင် ပရိဘောဂ စေတီထိုက်သော ဗောဓိပင်ကို ရေနံ့သာရည်စသည်တို့ သွန်းလောင်းပူဇော်လာကြ၏။
“ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က၊ ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့်၊ ဆန်စုန်အောက်ထက်၊ ကျော်ဝှန်းတက်၍၊ ဘဝဂ်ရပ်သူ၊ သယ္ဘူဟု၊ ခြောက်ဆူဘုံထွက်၊ အနတ်နတ်တို့၊ ဦးညွတ်ကျိုးနွံ၊ ဆုံးမခံလျက်၊ အဗြဟ္မာမာ၊ ဆယ့်ခြောက်ရွာသား၊ ရပ်ရွာခပင်း၊ ထုပ်ဝပ်ပြင်းသည်၊ သနပ်မြတ်စွာ၊ တို့ဆရာကား...” ဟု ပါရမီတော်ခန်းပျို့တွင် ပါရှိသည်။ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါ အပေါင်းတို့ ကိုးကွယ်အားထားရာ ဖြစ်သော မြတ်ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် မြတ်ဘုရားရှင်၏ ဖွားဖက်တော်ဟု သိထားကြသည့် မဟာဗောဓိပင်ကို ရေသွန်းလောင်းခြင်းဖြင့် ကဆုန်လ ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာခဲ့ရသည်။ ။
ဒေါက်တာ မောင်ဖြေ


