ပရီမီယာလိဂ် လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ အောက်တိုဘာ ၄ ရက် ညပိုင်းက ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းဟာ ပထမပိုင်းပွဲကစားချိန် ၁၄ မိနစ်မှာ ချယ်လ်ဆီးကွင်းလယ်ကစားသမား ကိုင်ဆီဒိုရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီး ဒုတိယပိုင်းပွဲကစားချိန် ၆၃ မိနစ်မှာဂတ်ပိုရဲ့ သွင်းဂိုးနဲ့ ချေပဂိုး ပြန်လည်ရရှိခဲ့ပေမယ့် သာမန်ပွဲကစားချိန်အပြီး နာကျင် အချိန်ပို ၅ မိနစ်မှာ ချယ်လ်ဆီးကစားသမား အက်စ်တီဘောင်ရဲ့ သွင်းဂိုးထပ်မံခွင့်ပြုပေးလိုက်ရတာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းအနေနဲ့ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ ပရီမီယာလိဂ်ပြိုင်ပွဲမှာ နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာလည်း ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးပွဲကြုံခဲ့သေးတာ ဖြစ်ပါတယ်။
ဒါ့ပြင် ဂါလာတာစာရေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂါလာတာစာရေး အသင်း အိမ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်လို့ လီဗာပူးအသင်းဟာ အဝေးကွင်းသုံးပွဲ ဆက် ရှုံးပွဲကြုံခဲ့ရပြီလည်း ဖြစ်ပါတယ်။
လီဗာပူးအသင်းနည်းပြ စလော့အနေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဂါလာတာစာရေးအသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် နွေရာသီဈေးကွက်အတွင်းက ပြောင်းရွှေ့ကြေးပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူထားတဲ့ ဖလော်ရီယန်ဝါ့ဇ်ကို ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ အရန်ခုံ ပို့ထားခဲ့ပြီး ဒုတိယပိုင်းအစရောက်မှသာ လူစားဝင် ကစားခွင့်ပေးခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ထိန်းချုပ်ကစားခြင်းကိုသာ ခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ယခုဘောလုံးရာသီမှာ ဘုန်းမောက်အသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရတဲ့ ပရီမီယာလိဂ်ပွဲစဉ်၊ နယူးကာဆယ်အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရတဲ့ ပရီမီယာလိဂ်ပွဲစဉ်၊ အာဆင်နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပရီမီယာလိဂ်ပွဲစဉ်၊ ဘန်လေအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပရီမီယာလိဂ် ပွဲစဉ်၊ အက်သလက်တီကိုမက်ဒရစ်အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်၊ ဆောက်သမ်တန်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရတဲ့ ကာရာဘောင်ဖလားပွဲစဉ် စတဲ့ခြောက်ပွဲမှာ နောက်ကျသွင်းဂိုး တွေနဲ့ အနိုင် ရရှိခဲ့သလို ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်၊ ချယ်လ်ဆီးအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်တွေမှာတော့ နောက်ကျသွင်းဂိုးတွေကြောင့်သာ ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ် အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးခဲ့ရပြီး လက်ရှိအချိန်မှာ အောက်တိုဘာ ၄ ရက်ညပိုင်းက ဝက်စ်ဟမ်း အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းက ပရီမီယာလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာ လီဗာပူးအသင်းကို တစ်မှတ်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အောက်တိုဘာ ၁၉ ရက်မှာ ပရီမီယာလိဂ်ပွဲစဉ်(၈)အဖြစ် မန်ယူအသင်းကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားရမှာဖြစ်ပြီး အသင်းရဲ့ ရှုံးနိမ့်မှုခံနေရချိန်မှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ရှုံးနိမ့်မှုနဲ့ မကြုံတွေ့စေဖို့ နိုင်ပွဲရရှိအောင် ကြိုးပမ်းရဦးမှာလည်း ဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


