ပရီမီယာလိဂ်ကလပ်အသင်းများ၏ ယခုနွေရာသီကစားသမား ခေါ်ယူမှုများအတွက် ပြောင်းရွှေ့ကြေး အသုံးစရိတ်မှာ ပေါင် ၃ ဘီလီယံကျော် သုံးစွဲခဲ့သောကြောင့် စံချိန်မှတ်တမ်းသစ်တင်ခဲ့ကြောင်း သိရသည်။

ကစားသမားခေါ်ယူမှုအတွက် ဩဂုတ် ၃၁ ရက်အထိ ပြောင်းရွှေ့ကြေး  အသုံးစရိတ်မှာ ပေါင်  ၂   ဒသမ ၇၃ ဘီလီယံရှိသော်လည်း အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် လီဗာပူးအသင်းက   နယူးကာဆယ်အသင်းမှ အလက်ဇန္ဒြားအီဆတ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းအပါအဝင် ငွေကြေးအမြောက်အမြားသုံးစွဲကာ ကစားသမားခေါ်ယူမှုများဖြစ်ပေါ်ခဲ့သည့်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃ ဒသမ ၀၈၇ ဘီလီယံအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

ပရီမီယာလိဂ်ကလပ်အသင်းများ၏ ယခင်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးစရိတ်မှာ ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလတွင်ဖြစ်ပြီး ပေါင် ၂ ဒသမ ၃၆ ဘီလီယံဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ယခုနှစ်ရာသီ ကစားသမားအပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်ယူအသင်းက ရွိုင်ရယ် အန့်ဝပ်အသင်းမှ ဘယ်လ်ဂျီယံဂိုးသမား ဆန်နီလမ်းမန့်စ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၈ ဒသမ ၁ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။

ထို့အပြင်  ဖူလ်ဟမ်အသင်းကလည်း    ရှက်တာဒိုးနက်အသင်းမှ ဘရာဇီးတောင်ပံကစားသမား ကီဗင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၄ ဒသမ ၆ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။ နယူးကာဆယ်အသင်းက ဘရန့်ဖို့ဒ်အသင်းမှ ဝစ်ဆာကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။                                         

အောင်ဇော်