ရန်ကုန်   အောက်တိုဘာ  ၇

တရုတ်ပြည်သူ့   သမ္မတနိုင်ငံ ယူနန်ပြည်နယ်     Lincang မြို့တွင်     စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၇ ရက်အထိ   ကျင်းပခဲ့သည့်    သုံးနိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံး ပြိုင်ပွဲ သို့ မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်း  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး  ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

အဆိုပါအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး    တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောဂျက်ကော့ထူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး၊  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်    ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဒုတိယကျောင်းအုပ်ကြီးများ၊ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများ၊ ရန်ကုန်တိုင်းဒေသကြီး    အားကစားအောင်နိုင်ရေး      အထောက်အကူပြုအဖွဲ့ဝင်များ၊ အားကစား နှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများ၊ အားကစားဝါသနာရှင် ပရိသတ်များက အိုးစည်၊ ဒိုးပတ်များဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အဆိုပါ  အောင်ပွဲရမြန်မာ  (ISPE FC) အမျိုးသားဘောလုံးအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံအားကစားကွင်း ဂိတ်နံပါတ်(၉)သို့ ပြန်လည်ဝင်ရောက်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ   သင်တန်းသား   သင်တန်းသူများက အောင်သပြေပန်းခက်များနှင့် ဂုဏ်ယူစွာဖြင့်   သောင်းသောင်းဖြဖြ   ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်