နေပြည်တော် စက်တင်ဘာ ၉

 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သူတစ်ဦးကို ပြစ်မှုထင်ရှားသဖြင့် တောင်ကြီးမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဩဂုတ် ၂၅ ရက်တွင် တောင်ကြီးမြို့နယ်  အေးသာယာမြို့ ရပ်ကွက် (၁) နေ နေသွေး (၃၆) နှစ် (ဘ) ဦးအောင်ခင်သည် ၎င်းအသုံးပြုသည့် “Lashio Baegyi” Facebook Account လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ သေချာကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား၊ အလကား နေ ဘာမှမရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့ စသည့် စာသားများကို ဖြန့်ဝေကာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တောင်ကြီးမြို့နယ် အေးသာယာနယ်မြေရဲစခန်း (ပ) ၉၉/ ၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃ (က) ဖြင့် အမှုရေးဖွင့်စစ်ဆေး၍ တောင်ကြီးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၇၁၄ / ၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး စက်တင်ဘာ ၉ ရက်တွင် ပြစ်မှုထင်ရှားသဖြင့် တရားခံ နေသွေး ကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃ (က) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်တိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်