၃၀  ဇူလိုင်

မြန်မာ့အမွေအနှစ် ပုဂံယဉ်ကျေးမှုနယ်မြေသည် ယူနက်စ်ကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်အဖြစ် မသတ်မှတ်မီကပင် မြန်မာနိုင်ငံ၏ ကမ္ဘာ့ဂုဏ်ယူဖွယ်ဒေသတစ်ခုအဖြစ် ထင်ရှားခဲ့သည်။ စေတီပုထိုးများ လက်ညှိုးထိုးမလွဲတည်ရှိနေသည်ဟု တင်စားပြောဆိုကြရသည့် ပုဂံတွင်ခေတ်အလိုက် တည်ဆောက်ခဲ့ကြသည့် သာသနိက အဆောက်အအုံများကို ပုံစံမျိုးစုံ မြင်တွေ့ ကြရသည်။

ပုဂံစေတီပုထိုးများ

ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည့် ပုဂံသည် အလျား ၁၃ ကီလိုမီတာ နှင့် အနံ ခြောက် ကီလိုမီတာသာ ကျယ်ဝန်းသော်လည်း ယင်းအဝန်းအဝိုင်းအတွင်း၌ စေတီပုထိုး ၄၄၄၆ ဆူရှိခဲ့ပြီး “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”ဟု မှတ်တမ်းပြုခဲ့သည်။ အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက် (ခရစ်နှစ် ၁၄၂၇-၁၄၈၀)က ကောက်ယူခဲ့သည့် မှတ်တမ်းအရ ၄၄၇၄ ဆူရှိသဖြင့် “ဝင်းဝင်းထိန်လျှံ ပုဂံ ဘုရားပေါင်း” ဟုလည်းကောင်း၊ ကုန်းဘောင်ခေတ်ဖြစ်ဟန်ရှိသည့် မှတ်သားချက်အရ ၄၄၄၅ ဆူ ရှိသဖြင့် “မြတ်ဘုရားဆူရေ ဖြူရွှေလိုဝင်း၊ ပုဂံပြည် ဘယ်တိုင်းဌာနီမှ စံမမီလွန်ထင်ရှား၊ စောမုနိများ” ဟု လည်းကောင်း မှတ်သားခဲ့ကြသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကောက်ယူခဲ့သော စာရင်းများအရမူ ပုဂံစေတီပုထိုးများသည် ၂၂၁၇ ဆူ ရှိပြီး “ကျောင်းကြီးအုတ်နီ ကိန်းနှင့်ညီ စေတီဂူ ဘုရား”ဟု မှတ်သားခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ယူနက်စ်ကိုအဖွဲ့၏ အကူအညီဖြင့် ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Pierre Pichard ကောက်ယူခဲ့သည့် စာရင်းအရ ပုဂံစေတီပုထိုး၂၈၃၄ ဆူရှိသည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်က ပုဂံ၌ ငလျင်လှုပ်ပြီးနောက် ပြန်လည်ကောက်ယူခဲ့သည့် စာရင်းများအရ စေတီနှင့်ဂူဘုရား ၁၇၄၅ ဆူ၊ အုတ်ကျောင်း ၄၃၁ ကျောင်း၊ ဥမင်နှင့် သိမ် ၅၄ ခုနှင့် အုတ်ကုန်း ၈၉၂ ကုန်းဖြစ်သဖြင့် စုစုပေါင်း ၃၈၂၂ ဆူဖြစ် သည်။

ပုဂံရှိ ရှေးဟောင်းစေတီများ၊ တစ်ထပ်လိုဏ်ဂူများ၊ နှစ်ထပ် သုံးထပ် လေးထပ်အဆောက်အအုံများ၊ ဥမင်များ၊ တစ်ထပ်ကုလားကျောင်းများ၊ ပိဋကတ်တိုက်များနှင့် သိမ်များအနက် စေတီများကို ယေဘုယျအားဖြင့် အမျိုးအစားခွဲရာတွင် လိုဏ်ပါသည့်အဆောက်အအုံကို စေတီ (Temple)နှင့် လိုဏ်မပါသည့် အဆောက်အအုံကို ဂူဘုရား (Stupa)ဟု ခွဲခြားခဲ့ကြသည်။ ဂူဘုရားများတွင် မုခ်တစ်ပေါက် သို့မဟုတ် လေးပေါက် ပါရှိလေ့ရှိသည်။

မုခ်ပေါက်တစ်ခုသာ ပြုလုပ်ထားသည့် ဂူဘုရားများ၏ လိုဏ်အတွင်း၌ ဂေါတမဘုရားရှင် ရုပ်ပွားတော်ကို ထားရှိပြီး တစ်ဝဂူဘုရားဟုလည်း ခေါ်ဆိုခဲ့ကြသည်။ မုခ်ပေါက်လေးပေါက်ပါရှိသည့် ဂူဘုရားများ၌ ဤကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူ၏ ရုပ်ပွားတော်များကို ထားရှိကြသည်။ ငါးမျက်နှာဘုရားများဟု ခေါ်ဆိုကြသည့် မုခ်ပေါက်ငါးပေါက်ပါရှိသည့် ဘုရားများ၌ ပွင့်တော်မူပြီးသည့် ဘုရားလေးဆူနှင့် နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရားရှင် ဆင်းတုတော်တို့ကို ပူဇော်ထားရှိခဲ့ကြသည်။

တစ်ဝဂူနှင့် လေးမျက်နှာဂူဘုရားများကို အရေအတွက်များစွာ တွေ့ရှိနိုင်ကြသော်လည်း ထင်ရှားသော ငါးမျက်နှာ ရှေးဟောင်းစေတီများကို အဆူ ၂၀ သာ တွေ့ရှိထားရာ ပုဂံတွင် ၁၇ ဆူနှင့် စလင်းမြို့နယ် ကျပင်းရွာ၊ စလေနှင့် ဟင်္သာတနယ်တွင် တစ်ဆူစီ တည်ရှိကြသည်။

ငါးမျက်နှာဘုရားများ

ပုဂံဗိသုကာပညာတွင် အဆောက်အအုံ အကြီးအသေးအပေါ် မူတည်၍ အထက်မှလေးသောဝန်ကို ခံနိုင်ရန် မုခ်ခုံးပေါင်းကူးများကို ပုံသဏ္ဌာန်နှင့် အရွယ်အမျိုးမျိုး ပြုလုပ်ခဲ့သည်။ အုတ်ပေါင်းကူးများသည် ဝန်သက်ရောက်မှုများ လေ၊ အုတ်များညပ်ကာ တောင့်တင်းမှုများလေ ဖြစ်သဖြင့် အထက်မှ ကျရောက်သည့်ဝန်ကို ကောင်းစွာ ထမ်းထားနိုင်ကြသည်။

ပုဂံတွင်တည်ဆောက်ခဲ့သည့် စေတီပုထိုးများတွင် အသုံးပြုခဲ့သည့် ပေါင်းကူးများကို ရောင်ခြည်ဖြာ၊ မှီပေါင်း၊ စုထိုး၊ အုန်းလက်ခံ၊ လိပ်ပြာတောင်၊ နှစ်ထပ်နှင့် တိုးစီဟူ၍ ခုနစ်မျိုး ခွဲခြားနိုင်သည်။ ယင်းတို့အနက် မှီပေါင်းကူးစနစ်ကို အနိမ့်အမြင့်မတူသော နံရံနှစ်ခုအကြားနှင့် စင်္ကြံလမ်းအမိုးများတွင် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် နံရံအနိမ့်နှင့် မဏ္ဍိုင်အမြင့်ကို မှီပေါင်းကူးဖြင့်ဆက်ကာ မုခ်လေးပေါက်၊ ငါးပေါက်၊ ရှစ်ပေါက် ပါရှိသည့် လိုဏ်ဘုရားများ တည်ဆောက်ခဲ့သည်။

ဗိသုကာဟန်ထူးခြားကာ ဝင်ပေါက်ငါးခုထားရှိသည့် ဂူဘုရားများ၏ အတွင်းနံရံထောင့်များ သည် ၇၂ ဒီဂရီစီရှိ၍ အနားများသည် တူညီသောအလျားရှိမှသာ အချိုးကျနမည်ဖြစ်ရာ ပုဂံငါးမျက်နှာဂူဘုရားများသည် အချိုးအစား မှန်ကန်တိကျပြီး လက်ရာမြောက်လှသဖြင့် ပုဂံခေတ် ဗိသုကာလက်ရာများကို ချီးကျူးအံ့ဩကြရပေသည်။

ငါးမျက်နှာဘုရားများ၏ တည်ဆောက်ပုံ အခြေခံငါးမျိုးအနက် ဂူဘုရား၏ လိုဏ်အလယ်၌ ငါးမြှောင့်မဏ္ဍိုင် ပြုလုပ်ကာ လိုဏ်ပတ်လမ်း ထည့်သွင်းတည်ဆောက်သည့်ပုံစံကို ရွှေကွန်ချာ ဘုရားအပါအဝင် ဘုရား ၁၁ ဆူ၊ အလယ်မဏ္ဍိုင်နှင့် လိုဏ်ပတ်လမ်းမပါရှိဘဲ စတုဂံပုံပန္နက်၊ အာရုံခံဝင်ပေါက်နှင့် အနားငါးဖက်ပါရှိသည့် ပုံစံကို ပုဂံဘုရားအမှတ်(၅၆၆)၊ အလယ်မဏ္ဍိုင်နှင့် လိုဏ်ပတ်လမ်းမပါရှိဘဲ စက်ဝိုင်းပုံပန္နက်၊ အာရုံခံဝင်ပေါက်နှင့် အနားငါးဖက်ပါရှိသည့်ပုံစံကို သေလဉ်ဂူဘုရား၊ ခေါင်းလောင်းပုံဂူစေတီ၏ အောက်ခြေတွင် မုခ်ပေါက် ငါးပေါက်ထည့်ထားသည့်ပုံစံကို ပုဂံဘုရားအမှတ်(၁၆၇၁)အပါအဝင် သုံးဆူ၊ အောက်ခြေငါးမြှောင့်ပေါ်တွင် တည်ထား သည့်စေတီကို ကြေးဂူတိုက်ငါးခုဖြင့် ဝန်းရံထားသည့်ပုံစံကို ဓမ္မရာဇကဘုရားတွင် မြင်တွေ့ကြရပေသည်။

ငါးမျက်နှာဘုရားများကို ဘုရားငါးဆူ အပူဇော်ခံထားရှိရန် တည်ဆောက်ခဲ့ကြောင်း ယူဆကြသော်လည်း ဓမ္မရာဇကစေတီတော်ကိုမူ စေတီပတ်လည်၌ အလှူရှင် နရပတိစည်သူမင်း၏ သားတော်ငါးပါး၏ အရံဂူငါးလုံး တည်ဆောက်နိုင်ရန် ငါးမျက်နှာတည်ထားခဲ့ကြောင်း ယူဆဖွယ်ရှိခဲ့သည်။

အလယ်မဏ္ဍိုင်ပါရှိသည့် ငါးမျက်နှာဘုရားများ

ပုဂံဒေသတွင်တည်ရှိသည့် ငါးမျက်နှာဘုရား ၁၇ ဆူကို ၁၂ ရာစုနှင့် ၁၃ ရာစု အစောပိုင်းက တည်ဆောက်ခဲ့သည်။ ယင်းတို့အနက် ညောင်ဦး မြို့ ရွှေစည်းခုံစေတီတော် အရှေ့စောင်းတန်း၏ တောင်ဘက်တွင်ရှိသည့် ငါးမျက်နှာဘုရား (ဘုရားအမှတ်-၅၁)ကို၁၃ ရာစုက တည်ဆောက်ခဲ့သည်။ တံတိုင်းလေးဘက် ကာရံထားသည့် လေးမျက်နှာဘုရားသည် အုတ်တစ်ထပ် အဆောက်အအုံဖြစ်၍ အတွင်းမဏ္ဍိုင်ငါးဘက်တွင် ဘူမိဖဿမုဒြာ ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်ငါးဆူကို ထားရှိကာ တိုက်မပေါ်၌ ပစ္စယံသုံးဆင့်ခံ စေတီတော်ကို တည်ထားသည်။ ဘွဲ့မည် သီးခြားမရှိချေ။

ရွှေစည်းခုံစေတီ၏ အရှေ့တောင်ဘက်၊ အားကစားကွင်း၏ အနောက်တောင်ဘက်တွင် တည်ရှိသည့် ငါးမျက်နှာဘုရား(ပုဂံဘုရား အမှတ်-၇၇)ကို ၁၃ ရာစုလက်ရာဟု ယူဆကြကာ ပြိုပျက်နေသဖြင့် ၁၉၉၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ အမှတ်(၇၇) ဂူဘုရားသည် ဘွဲ့မည်သီးခြားမရှိသော တစ်ထပ်လိုဏ်ဘုရားငယ်ဖြစ်ပြီး လိုဏ်ဂူနံရံသည် ၂ ဒသမ ၃ မီတာ မြင့်သည်။

ညောင်ဦးမြို့နယ် မင်းနန်သူရွာ၏ မြောက်ဘက်၊ အလယ်ရာဘုရားစု၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည့် ဘုရားအမှတ်(၆၀၇)သည် ငါးမျက်နှာ ဘုရားတစ်ဆူဖြစ်ကာ ၁၃ ရာစုက တည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။ မူလအလှူရှင်သည် တောင်တွင်းမင်းသီရိဇေယျသူ ဖြစ်သည်။ လိုဏ်အတွင်းမဏ္ဍိုင်သည် တစ်ဖက်လျှင် သုံးမီတာစီရှည်၍ လိုဏ်ပတ်လမ်းသည် ၁ ဒသမ ၃၂ မီတာ ကျယ်ဝန်းသည်။ ပင်မလိုဏ်ပေါ်တွင် ပစ္စယာနှစ်ဆင့်ခံ၍ စေတီတော်ကို တည်ထားသည်။ စင်္ကြံပတ်လမ်း အမိုးပေါင်းကူးတွင် ဗုဒ္ဓရုပ်ပွားတော်များ ထည့်သွင်းရေးဆွဲထားသည့် စက်ဝိုင်းကွက်များ၊ ပတ်လမ်းနံရံတွင် သစ်ရွက်ချွန် ပန်းတန်းများ ရေးဆွဲထားသကဲ့သို့ အနောက်တောင်ဘက် အာရုံခံပေါင်းကူးတွင်လည်း ပန်းဒီဇိုင်းစက်ဝိုင်းများနှင့် အခြားအာရုံခံပေါင်းကူးများတွင် လေးညင်းပွင့်ပုံနှင့် ရှစ်မြှောင့်ပုံပန်းကွက်များ ရေးဆွဲထားသည်။ ယင်းဘုရားကို ၁၉၉၇ ခုနှစ်တွင် ပြုပြင်မွမ်းမံခဲ့သည်။

ငါးမျက်နှာ ဘုရားတစ်ဆူဖြစ်သည့် စေတီအမှတ်(၇၃၀)သည် မင်းနန်းသူရွာနှင့် တက်သိမ်းရွာအကြား၊ ရှင်အဇ္ဇဂေါဏဘုရား၏ အရှေ့မြောက်ဘက်တွင် တည်ရှိကာ ၁၃ ရာစုလက်ရာ တစ်ထပ်လိုဏ်ဘုရား ဖြစ်သည်။ လိုဏ်အတွင်းရှိ ငါးမြှောင့်မဏ္ဍိုင်သည် တစ်ဖက်လျှင် လေးမီတာစီ ရှည်လျား၍ အတွင်းပတ်လမ်းသည် ၁ ဒသမ ၂၇ မီတာ ကျယ်ဝန်းသည်။ တိုက်မပေါ်တွင် ပစ္စယံသုံးဆင့်ခံစေတီနှင့် ပစ္စယံအသီးသီး၏ ထောင့်များတွင် အရံစေတီများ တည်ထားခဲ့သည်။ လိုဏ်ဂူအတွင်း အမိုးမျက်နှာကြက်နှင့် နံရံများတွင် နံရံဆေးပန်းချီများ ကျန်ရှိနေကာ တစ်လက်မအရွယ် ဆင်းတုတော်ပုံများကို အတန်းလိုက် ရေးဆွဲထားသည်။ ယင်းစေတီကို ၁၉၉၆ ခုနှစ်က ပြုပြင်ထိန်းသိမ်းခဲ့သည်။

ငါးမျက်နှာဘုရားအမှတ်(၇၈၁)သည် အရှေ့ဖွားစောရွာ၏ တောင်ဘက်၊ ကန်ဇွန်းအိုဘုရား၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ၁၃ ရာစု လက်ရာတစ်ထပ်လိုဏ်ဘုရား၏ အတွင်းမဏ္ဍိုင် အနားငါးဖက်သည် ၂ ဒသမ ၂၅ မီတာစီရှိ၍ ပတ်လမ်းသည် ၁ ဒသမ ၂၅ မီတာ ကျယ်ဝန်းသည်။ ဂူဘုရားတိုက်မ ကုလားကျောင်းပေါ်တွင် ပစ္စယံနှစ်ဆင့်ပါရှိသည့် စေတီတော်နှင့် ပစ္စယံအသီးသီး၏ ထောင့်များတွင် အရံစေတီများကို ထည့်သွင်းတည်ထားခဲ့သည်။

ငါးမျက်နှာဘုရားအမှတ်(၁၄၁၀)သည် မြင်းကပါရွာမြောက်ဘက်၊ မင်္ဂလာစေတီ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည့် ၁၃ ရာစုလက်ရာ တစ်ထပ်လိုဏ်ဘုရားဖြစ်သည်။ လိ်ုဏ်အတွင်း မဏ္ဍိုင်သည် ၂ ဒသမ ၇ မီတာ ပတ်လည် ငါးမြှောင့်ဖြစ်၍ အတွင်းပတ်လမ်းသည် ဒသမ ၅၅ မီတာသာ ကျယ်ဝန်းသည်။ ကုလားကျောင်း တိုက်ပေါ်တွင် ပစ္စယံနှစ်ဆင့်ခံစေတီတော်ရှိပြီး အတွင်းနံရံတွင် နံရံဆေးပန်းချီများ အနည်းငယ်ကျန်ရှိကာ ၁၉၉၆ ခုနှစ်တွင် ပြုပြင်မွမ်းမံခဲ့သည်။

ဘုရားအမှတ်(၁၅၀၄)သည် ပုဂံမြို့ရိုး၏ အရှေ့တောင်ဘက်၊ အာနန္ဒာဘုရား၏ အနောက်တောင်ဘက်တွင် တည်ရှိ၍ လိုဏ်အတွင်းရှိ ငါး မြှောင့်မဏ္ဍိုင်သည် ၃ ဒသမ ၉၇ မီတာပတ်လည် ရှိကာ ပတ်လမ်းသည် ၁ ဒသမ ၈၅ မီတာ ကျယ်ဝန်းသည်။ တိုက်မပေါ်တွင် ပစ္စယံနှစ်ဆင့်ခံစေတီတော်ရှိကာ ပစ္စယံအသီးသီး၏ ထောင့်များတွင် အရံစေတီများ တည်ထားခဲ့သည်။ လိုဏ်ဂူအတွင်း အမိုးမျက်နှာကြက်နှင့် နံရံများတွင် နံရံဆေးပန်းချီများ ကျန်ရှိနေသည်။ ၁၉၉၆ ခုနှစ်က ပြုပြင်မွမ်းမံခဲ့သည်။

အိမ်ယာကျောင်း ငါးမျက်နှာဘုရား (ဘုရားအမှတ် ၁၈၃၁)သည် ထီးလိုမင်းလိုဘုရား၏ အနောက်ဘက်တွင် တည်ရှိသည်။ ငါးမြှောင့်မဏ္ဍိုင်သည် ၂ ဒသမ ၆၇ မီတာပတ်လည်၊ ပတ်လမ်းအကျယ်သည် ၁ ဒသမ ၈၅ မီတာ ကျယ်ဝန်းလျက် ဂူအတွင်းပိုင်း အနောက်ဘက်တွင် အပေါ်သို့တက်ရန် ကြောင်လိမ်လှေကားနှစ်စင်း တပ်ဆင်ထားသည်။ အိမ်ယာကျောင်းဘုရားမှ ညောင်ရမ်းကြီးသမီးကျောက်စာနှစ်ချပ်ကို ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားသည်။

ဘုရားအမှတ်(၁၈၅၃)သည်လည်း ထီးလိုမင်းလိုဘုရား၏ အနောက်ဘက်တွင် တည်ရှိသည့် ငါးမျက်နှာ ဂူဘုရားငယ်တစ်ဆူဖြစ်ကာ ၁ ဒသမ ၈၄ မီတာပတ်လည် မဏ္ဍိုင်နှင့် ၁ ဒသမ ၈၅ မီတာကျယ်သည့်ပတ်လမ်း ပါရှိသည်။ နံရံ ဆေးများအနည်းငယ်ကျန်ရှိသည်။

ရွှေကွန်ချာဘုရား(အမှတ် ၁၉၇၆)သည် ပုဂံ မြို့၏အရှေ့မြောက်ဘက်၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် အုတ်တံတိုင်းကာရံထားသည့် ဝင်းအတွင်း၌ အခြားစေတီနှစ်ဆူနှင့်အတူ တည်ရှိသည်။ ပစ္စယံသုံးဆင့်ခံ ရွှေကွန်ချာဘုရား၏ အရှေ့မြောက်ထောင့်တွင် စိုက်ထူထားသည့် လေးမျက်နှာပါရှိသည့် ကျောက်စာတိုင်အရ ဘုရားအလှူရှင်သည် ဂင်္ဂါဗိဧည့်သည်ဟု ယူဆရပေသည်။

ငါးမျက်နှာဘုရားအမှတ်(၂၀၈၇)သည် ဝက်ကြီးအင်းနှင့် တောင်ဘီရွာအကြား၊ ထီးလိုမင်းလိုဘုရား၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ လိုဏ်အတွင်း ငါးမြှောင့်မဏ္ဍိုင်သည် ၁ ဒသမ ၈၉ မီတာ ပတ်လည်ရှိ၍ ပတ်လမ်းအကျယ်သည် ၁ ဒသမ ၄၃ မီတာ ကျယ်ဝန်းသည်။ တိုက်မပေါ်တွင် ပစ္စယံနှစ်ဆင့်ခံ စေတီတော်ရှိ သည်။ အင်္ဂတေပန်းများနှင့် နံရံဆေးများ မရှိချေ။

အလယ်မဏ္ဍိုင်မပါရှိသည့် ငါးမျက်နှာဘုရားများ

လယ်မဏ္ဍိုင်နှင့် လိုဏ်ပတ်လမ်းမပါရှိသည့် ငါးမျက်နှာ ဘုရားများအနက် ဘုရားအမှတ် (၅၆၆)သည် မင်းနန်းသူကျေးရွာ၏ တောင်ဘက်၊ ဇံသီးဘုရား၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ အတွင်းမဏ္ဍိုင်သည် ထောင့်မှန်စတုဂံပုံရှိ၍ အနောက်ဘက်သို့ မျက်နှာမူထားသည့် မုခ်ဝ၏ အတွင်းပိုင်းတွင် ထိုင်တော်မူဆင်းတုတော် တစ်ဆူရှိခဲ့ကာ ဘေးနံရံအခြေတစ်ဖက်စီ၌ နတ်ရုပ်ဟုယူဆရဖွယ်ရှိသည့် အဝိုင်းပလ္လင် ခုံတစ်ခုစီရှိသည်။ ဂူအတွင်း၌ နံရံဆေးများ ကျန်ရှိနေကာ ယင်းဘုရားကို ၁၉၉၈ ခုနှစ်က ပြုပြင်ထိန်းသိမ်းခဲ့သည်။

သေလဉ်ဂူဘုရား (ဘုရားအမှတ် ၁၆၆၉)သည် ငါးမျက်နှာ ဘုရားငယ်တစ်ဆူဖြစ်၍ မဟာဗောဓိဘုရား၏ မြောက်ဘက်တွင် တည်ရှိသည်။ မုခ်ပေါက်ကို တောင်ဘက်သို့ မျက်နှာလှည့်ထားကာအတွင်း ဂန္ဓကုဋိတိုက်ကို အဝိုင်းပုံ ပြုလုပ်ထားသည်။ ၁၉၈၂ ခုနှစ်တွင်ပြုပြင်ခဲ့ပြီး နံရံဆေးပန်းချီများမရှိချေ။ မြင်းကပါရွာ၏တောင်ဘက်၊ စိုးမင်းကြီးဘုရား၏မြောက်ဘက်တွင်ရှိသည့် ဘုရားအမှတ်(၁၁၇၅)၌ ခေါင်းလောင်းပုံဂူစေတီ၏ အောက်ခြေ မုခ်ပေါက်ငါးပေါက်အပေါ်တွင် ငါးထောင့်ပစ္စယံ သုံးဆင့်ခံ၍ စေတီတော်ကို တည်ထားသည်။ ယင်းဘုရားသည် တစ်ဆူလုံး ပြိုကျပျက်စီးခဲ့ကာ ပန္နက်ရာသာကျန်ရှိ၍ အုတ်ကုန်းတစ်ခုအဖြစ် ကာလရှည်ကြာစွာ တည်ရှိနေခဲ့သည်။ ၂၀ဝ၂ ခုနှစ်တွင် ယင်းအုတ်ကုန်းကို တူးဖော်ခဲ့ပြီး မူလပန္နက်ရာအတိုင်း ငါးမျက်နှာစေတီကို အသစ်တည်ထားခဲ့သဖြင့် အောက်ခြေပန္နက်သည်သာ မူလလက်ရာဖြစ်သည်။

ဘုရားအမှတ်(၁၆၇၁)သည် ပုဂံမြို့ဟောင်းအတွင်း မဟာဗောဓိဘုရား တံတိုင်းဝင်းအတွင်း၌ တည်ရှိသည်။ ယင်းဘုရားကို အောက်ခြေ ငါးမြှောင့်ခံ၍ မုခ်ငါးခုပြုလုပ်ကာ ငါးမြှောင့်မဏ္ဍိုင်အပေါ်တွင် သပိတ်မှောက်နှင့် ဟာမိက(ဓာတ်တော်တိုက်) ထားရှိပြီး အထွတ်စေတီကို တည်ထားသည်။ သပိတ်မှောက်အပေါ်မှ ဟမိကသည် အခြားစေတီများတွင် တွေ့ရလေ့ရှိသည့် လေးထောင့်မဟုတ်ဘဲ ငါးထောင့်ပြုလုပ်ထားသည်။ သို့သော် ယခုဖူးတွေ့ ကြရသည့် ဘုရားအမှတ် (၁၆၇၁)သည် မူလလက်ရာများ တစ်ခုမှမရှိတော့ဘဲ နှောင်းခေတ်တွင် ပြန်လည်တည် ဆောက်ထားသည့်စေတီသာ ဖြစ်သည်။

ငါးမျက်နှာဘုရားတစ်ဆူဖြစ်သည့် ဘုရားအမှတ် (၁၈၈၃)သည် အာနန္ဒာဘုရားနှင့် ထီးလိုမင်းလို ဘုရားအကြား၌ တည်ရှိသည်။ အမှတ် (၁၈၈၃) တစ်ထပ်လိုဏ်ဘုရားသည်ဂန္ဓကုဋိငါးခု ပါရှိသည့် အနက်အရှေ့မျက်နှာဂန္ဒကုဋိတိုက်သည် အလျားအနံ ၂ ဒသမ ၃၅ မီတာနှင့် ၂ ဒသမ ၅ မီတာရှိ၍ အခြားဂန္ဓကုဋိတိုက် လေးခုထက် ပိုမိုကျယ်ဝန်းသည်။ ပတ်လမ်းမပါရှိသဖြင့် ဂန္ဓကုဋိတိုက်၏ အပြင်အာရုံခံနှင့် ရှေ့ထွက်မုခ်ဆောင်ကိုတစ်ဆက်တည်း တည်ဆောက်ထားသည်။ တိုက်မပေါ်တွင် ပစ္စယံ နှစ်ဆင့်ခံကာ စေတီတော်ကို တည်ထားသည်။

ဓမ္မရာဇက စေတီ

ပုဂံ၏ ထင်ရှားသော ငါးမျက်နှာဘုရား တစ်ဆူဖြစ်သည့် ဓမ္မရာဇကသည် အနောက်ဖွားစောရွာ၏ အနောက်ဘက်၊ ဆုတောင်းပြည့်ဘုရားဝင်း၏ အနောက်တွင်တည်ရှိသည်။ ဓမ္မရာဇကစေတီတော်ကို မြန်မာသက္ကရာဇ် ၅၅၈ ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက် (ခရစ်နှစ် ၁၁၉၆ ခုနှစ် အောက်တိုဘာလ ၇ ရက်)တွင် နရပတိစည်သူမင်းက တည်ထားခဲ့သည်။ ဘုရားကျောက်စာအရ မြန်မာသက္ကရာဇ် ၅၆၀ ပြည့်နှစ် သီတင်းကျွတ်လဆုတ် ၂ ရက် (ခရစ်နှစ် ၁၁၉၈ ခုနှစ် စက်တင်ဘာလ၁၈ ရက်) တွင် စေတီအထွတ်တင်ခဲ့သည်။

ဓမ္မရာဇကစေတီကို ပစ္စယံသုံးဆင့်ခံလျက် တည်ထားပြီး စေတီကို ၄ ဒသမ ၆၅ မီတာ ပတ်လည်ရှိသည့် ကြေးဂူတိုက် ငါးလုံးကဝန်းရံထားသည်။ တတိယပစ္စယံထောင့်များတွင် အရံစေတီ တစ်ဆူစီကို တည်ထားကာ ပစ္စယံများအလယ်တွင် အထက်သို့တက်နိုင်သည့် လှေကားများ ပြုလုပ်ထားသည်။ စေတီတော် ပစ္စယံများတွင် ဗုဒ္ဓဝင်ဇာတ်ကွက်များနှင့် ၅၅၀ ဇာတ်တော်လာ ဇာတ်ကွက်များကို သရုပ်ဖော်ထားသည် စဉ့်ကွက်များသည် မူလက ၆၀ဝ ကျော်ရှိခဲ့ပြီး ပျက်စီးမှု၊ ပျောက်ဆုံးမှုများကြောင့် ယခုအချိန်တွင် ၄၁၇ ချပ်သာ ကျန်ရှိနေသည်။

ကြေးတိုက်ဂူများသည် တစ်ထပ်လိုဏ်ဘုရားများဖြစ်၍ ကုလားကျောင်းတိုက်မတွင် ကွမ်းတောင်ဆင့်ကာ အထွတ်တင်ထားသည်။ ယင်းတို့သည် နရပတိစည်သူမင်း၏ သားတော်ငါးပါး၏ အရံဂူငါးလုံး ဖြစ်ကြသည်။ ဓမ္မရာဇကစေတီသည် ဉာဏ်တော် ပေ ၁၈၀ မြင့်သဖြင့် ပုဂံငါးမျက်နှာ ဘုရားများတွင် အကြီးမားဆုံးဖြစ်သည်။

ပုဂံဒေသရှိ များပြားလှသည့် စေတီပုထိုးများသည် တစ်ဆူနှင့်တစ်ဆူ ဖွဲ့စည်းတည်ဆောက် ပုံမတူကြဘဲ ဗိသုကာဟန်တစ်မျိုးစီ ရှိနေကြသည်။ ယင်းတို့အနက် ငါးမျက်နှာဘုရားများကို တည်ထားခြင်းသည် အနားငါးဘက် ထောင့်ချိုး ငါးခုမုခ်ငါးဘက်ကို အချိုးကျနစွာ တည်ဆောက်ရသဖြင့် စတုဂံ သို့မဟုတ် စတုရန်းပုံ လေးမျက်နှာဘုရားများ တည်ဆောက်ခြင်းထက် ပိုမိုခက်ခဲမည်သာဖြစ်သည်။ ထို့ကြောင့် ပုဂံဒေသ တစ်ခုလုံးတွင် ငါးမျက်နှာဘုရား ၁၇ ဆူမျှသာ တွေ့ရှိရကြောင်း သုံးသပ်နိုင်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား

(၁)       Inventory of Monuments at Pagan (Pierre Pichard)

 (၂) ပုဂံဒေသမှ ငါးမျက်နှာဘုရားများ၏ ဗိသုကာနှင့် အနုလက်ရာများလေ့လာချက်စာတမ်း(မအေးမြတ်သူ)