ညောင်ဦး ဒီဇင်ဘာ ၂၂

 

ဒီဇင်ဘာကျောင်းပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရားပုထိုး သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ထီးလိုမင်းလိုဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှဦးထံမှ သိရသည်။ 

 

ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလို ဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂ ဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူး ဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်း ဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင် ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိဘုရားတို့တွင်  လာရောက် လည်ပတ်သည့်  ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိ ကြောင်း သိရသည်။

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်းပြည်ပခရီးသွား အဆက်မပြတ်သည့်မြို့ဖြစ်သည်။ သီတင်းကျွတ် ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ် ရက်၊ ဒီဇင်ဘာရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျ ပြီး ပကတိအတိုင်း ရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားပုထိုးများ ဖူးမြော် နိုင်ခြင်းက ပြည်တွင်း ပြည်ပခရီးသွားများကို အလွန်ပင်ဆွဲဆောင်လှကြောင်း၊ ပုဂံဒေသသို့ ဘယ်နှခေါက်ရောက်ရောက် ထပ်ကာထပ်ကာ  လာချင်စိတ်ဖြစ်စေကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက်ဘုရားဖူး လာရောက်သည့် မရီရီလွင်က ပြောသည်။ ဘုရားဖူးများ၊ ပြည်တွင်း ပြည်ပ ခရီးသွားများ အမြဲတမ်းမပြတ်ရှိနေခြင်းက  ပုဂံ-ညောင်ဦး  ရှေးဟောင်းနယ်မြေအား တန်ဖိုးထား၍သာဖြစ်ကြောင်း လားရှိုးမြို့မှ လာရောက်သည့် ဒေါ်နန်းအိလှိုင်က ပြောသည်။  

 

ဒီပါလင်း