ပုဂံ ၂၀ ဖေဖော်ဝါရီ 

 

 “ပုဂံဒေသ အမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Bagan Com)၏ တတိယ အကြိမ်အစည်းအဝေး”ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပသည်။

 

အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်း၀န်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညောင်ဦးခရိုင် နှင့်ပခုက္ကူခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့နိုင်ရေးအတွက် ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် စာရင်းပါဝင်နိုင်ရေးမှာ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းနှင့် တာဝန်ယူ ဆောင်ရွက်မည့်သူများမှ တွေ့ကြုံနေသည့် လုပ်ငန်းအခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းကြရန်နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆွေးနွေးအကြံပြုပေးကြရန် ဖြစ်ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင် ရွက်လျက်ရှိရာ ပြည်တွင်းအဖွဲ့များနှင့်သာမက နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဧပြီလတွင် ကမ္ဘာ့ကုလ သမဂ္ဂ(ယူနက်စကို)အဖွဲ့အစည်းသို့ စတင်ဝင်ရောက်ခဲ့ပါကြောင်း၊ ၁၉၈၆ ခုနှစ် တွင် UNESCO ၏ ပညာရပ်ဆိုင်ရာအဖွဲ့ဖြစ်သည့် ICCROM သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ ပါကြောင်း၊ (၁၉၉၄)ခုနှစ်၌ ယူနက်စကိုအဖွဲ့မှ သတ်မှတ်ပြဋ္ဌာန်းခဲ့သော (Convention Concerning the Protection of World Cultural and Natural Heritage , 1972; - World Heritage Convention, 1972 )ကို လက်မှတ်ရေးထိုးခဲ့ပြီး (၁၉၉၆)ခုနှစ်၌ မြန်မာ့အမျိုးသားယဉ်ကျေးမှုအမွေအနှစ် (၈)ခုကို အဆိုပြုအမွေအနှစ်စာရင်းများ (Tentative Lists)အဖြစ် တင်သွင်းခဲ့ပြီး (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ပုံတောင်ပရိုင်းမိတ်ဒေသများကိုပါ ထပ်မံထည့်သွင်းလိုက်သည့်အတွက် ယဉ်ကျေးမှုဆိုင်ရာအဆိုပြုနေရာ စုစုပေါင်း(၁၀)ခုရှိလာပြီဖြစ်ပါကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် မူလပိုင်ရှင်ရှိသော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ တရားမဝင် တင်သွင်း/ တင်ပို့မှုနှင့် လွှဲပြောင်းမှု တားဆီးကာကွယ်ရေး (၁၉၇၀) ယူနက်စကို ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုး၍ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကွန်ဗင်းရှင်း (၂၀၀၃) လက်မှတ်ရေးထိုး၍ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့်အတူ ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများတို့ကလည်း ပုဂံဒေသရှိ ရှေးဟောင်း ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများကို ထိန်းသိမ်းရေးလုပ်ငန်းများမှာ လာရောက်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပုဂံစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌအနေဖြင့် အစည်းအဝေးကို ပုံမှန်တစ်လတစ်ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးအတွက် ဆောင်ရွက်စဉ်ကတည်းက အခက်အခဲများစွာ ရှိခဲ့ပါကြောင်း၊ ဥပဒေတစ်ရပ်သည် ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ပေးနိုင်သလို ဒေသခံလူထုကိုလည်း ကာကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်နိုင်/မဖြစ်နိုင်ကို ထည့်သွင်းစဉ်းစားပေးရမည် ဖြစ်ပါကြောင်း၊ ပုဂံဒေသဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (The Integrated  Management Framework)တွင် လုပ်ငန်းစဉ်(၁၀)ရပ်ရှိပြီး ဆက်စပ်ဌာနများက အပေးအယူအချိတ်အဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ICOMOS မှ အကြံပြုထားသည့် ဇုန်ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အကောင်းဆုံးဆွေးနွေးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာမြေပုံ၊ သဘာဝဘေးအန္တရာယ်နှင့် မြေငလျင် ကာကွယ်ရေးမြေပုံ၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအစီအမံများ အမြန်ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အလားတူ မိုးရာသီ ကာလမတိုင်မီ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိအောင် ကြိုတင်ကာကွယ် စီမံဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးဆုံးဖြတ်ချက်များက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။    

 

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Bagan Com ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အမှာစာများ တင်ပြဆွေးနွေးခဲ့ပြီး ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက မိမိတို့ဌာနနှင့် ပတ်သက်နေသော စီမံခန့်ခွဲမှုလုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

 

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းသတ်မှတ်နိုင်ရေးအတွက် ထပ်မံလိုအပ်သည့် သတင်းအချက်အလက်များ အစီရင်ခံစာကိစ္စများကိုလည်းကောင်း၊ ပုဂံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်းကောင်း၊ ဆက်စပ်ဌာနများ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများကို လည်းကောင်း အစည်းအဝေးတက်ရောက်လာသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

 

(သတင်းစဉ်)