ညောင်ဦး အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း သီတင်းကျွတ် ရုံးပိတ်ရက်ကာလ လေးရက်အတွင်း ရှုခင်းကြည့် တောင်ကုန်းများတွင် မြန်မာပြည် အရပ်ရပ်မှ လာရောက်သည့် ခရီးသွားဘုရားဖူးများ ကြိတ်ကြိတ်တိုး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း မြန်မာပြည်အရပ်ရပ်မှ လေ့လာရေး လာရောက်သူများနှင့် ဘုရားဖူးပြည်သူများသည် အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ သီတင်းကျွတ် ရုံးပိတ်ရက်ကာလ အတွင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ အထင်ကရ ဘုရားများ၊ စေတီ၊ ပုထိုးများ၊ သာသနိက အဆောက်အအုံများအား ဖူးမြော်လေ့လာကြသည်။
ထိုသို့ လာရောက်ကြသူများသည် ညနေပိုင်းတွင် ရှုခင်းကြည့်တောင်ကုန်းများဖြစ်သည့် ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်း၊ ဖိုးမောက်ကြီး ရှုခင်း ကြည့်တောင်ကုန်း၊ မင်းနန်သူကျေးရွာအနီးရှိ လေးထောင့်ကန် ရှုခင်းကြည့်တောင်ကုန်း၊ အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်းတို့မှ ပုဂံရှေးဟောင်းဘုရားများ၊ ဧရာဝတီမြစ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ တန့်ကြည့်တောင် တန်းနောက်ခံ နေဝင်ဆည်းဆာကြည့်ရှုကြရန် ရှုခင်းကြည့်တောင်ကုန်းများတွင် ညနေ ၄ နာရီမှစတင်၍ နေရာယူကာ နေလုံးကြီး တဖြည်းဖြည်း တန့်ကြည့်တောင်တန်းပေါ်မှ ပျောက်ကွယ်သည်အထိ ကြည့်ရှုခဲ့ကြသည်။
ရှုခင်းကြည့် တောင်ကုန်းများပေါ်မှ ပုဂံရှေးဟောင်းရှုခင်းများ နောက်ခံထား ဓာတ်ပုံရိုက်ကြခြင်း၊ ဗီဒီယိုရိုက်ကြခြင်းများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်းက ပြောကြားသည်။
ဒီပါလင်း


