နေပြည်တော် ၆ ဇူလိုင်
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေး၌ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် ယနေ့ သတ်မှတ်လိုက်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ယူနက်စကိုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျ ဦးဆောင်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပုဂံကို ချစ်မြတ်နိုးသော လူပုဂ္ဂိုလ်များနှင့်အဖွဲ့များ တက်ရောက်ကြပြီး နှလုံးသားထဲကပုဂံ ဓာတ်ပုံအနုပညာအဖွဲ့များကလည်း ၎င်းတို့စရိတ်ဖြင့်သွားရောက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းကာ တက်ရောက်အားပေးခဲ့ကြသည်။
၂၀၁၄ ခုနှစ်၊ ဇွန် (၂၂)ရက်က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးမှ ပျူမြို့ဟောင်း (၃)မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ရာ ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပုဂံခေတ်မှစတင်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို စတင်ယုံကြည်ကိုးကွယ်ခဲ့သည်။ ဘာသာရေးကိုအခြေခံ၍ ပုဂံခေတ်ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်းအဆောက်အအုံများ၏ ဗိသုကာလက်ရာ၊ အဂငေ်္တပန်း၊ နံရံပန်းချီစသည့် စေတီ၊ ပုထိုးနှင့် အဆောက် အအုံများကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းစောင့်ရှောက်နိုင်ရန် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေရန် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး တင်သွင်းဆောင်ရွက်ကြခြင်းလုပ်ငန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဒေသခံပုဂံချစ်သူများ၊ နှလုံးသားထဲမှ ပုဂံဓာတ်ပုံ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းများဖြစ်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စီမံခန့်ခွဲရေးဆိုင်ရာ အစည်းအဝေးများ၊ စာတွဲပြုစုရေးသားရေးဆိုင်ရာ အစည်းအဝေးများ၊ GIS Data ကောက်ယူရေး လုပ်ငန်းများ၊ သုတေသနဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ ပြတိုက်သုတေသနပိုင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ် ကတည်းက စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို တည်ရှိနေဆဲဖြစ်သော (သို့မဟုတ်) ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ (သို့မဟုတ်) မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု (သို့မဟုတ်) ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာထင်ရှားရသော အဆင့်အတန်း (သို့မဟုတ်) ထိုထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင်သော အရေးပါ ထင်ရှားမှုများ၊ ရှင်သန်နေဆဲထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ စသည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများဖြင့် ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
သတင်းစဉ်


