ပုံမှန်တိုးတက်လိုပါက စည်းကမ်းလိုက်နာ

လတ်တလောဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားနှုန်းလျော့ကျလာရေး၊ -ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဓိကမှာ ပြည်သူ ပြည်သားများပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ လျော့ကျထိန်းချုပ်နိုင်ရေးမှာ နှာခေါင်းစည်း တပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေထိုင်ရန် အချက်သုံးချက်သည် အဓိက ဖြစ်သည်။ ထိုအချက်သုံးချက်ကို အမှန်တကယ်လိုက်နာလျှင် ဖြစ်ပွားနှုန်းလျော့ကျပြီး ကိုဗစ်-၁၉ ရောဂါကို လက်တွေ့ထိန်းချုပ်နိုင်မည် ဖြစ် သည်။

လက်ရှိတွင် ရောဂါဖြစ်ပွားနှုန်း သိသိသာသာ ကျဆင်းလာခြင်းမရှိသေးသဖြင့် ထိန်းချုပ်နိုင်ရေးမှာ အလှမ်းမနီးသေးပေ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ကာကွယ်ဆေးထိုးခြင်းအပါအဝင် လုပ်ငန်းစဉ် များစွာရှိသည့်အနက် အဆိုပါအချက်သုံးချက်မျှ လိုက်နာဖြစ်လျှင် ရောဂါ ဖြစ်ပွားနှုန်းမှာ အတိုင်းအတာတစ်ခုအထိ လျော့ကျလာနိုင်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း ရောဂါကိုမထိန်းချုပ်နိုင်သေး၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာများအားလုံး ပုံမှန်ပြန်မရောက်လာနိုင်သေးပေ။

နိုင်ငံတော်အနေဖြင့် ပြည်သူများပုံမှန်ဘဝကို ပြန်လည်ရောက်ရှိ နိုင်ရေး၊ ကန့်သတ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးနိုင်ရေး၊ လူမှုစီးပွား အဆင် ပြေစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးအပိုင်းကို မျက်ခြည်မပြတ် အလေးထားဆောင်ရွက်ပေးနေချိန်တွင် ပြည်သူ ပြည်သားများဘက်ကလည်း မိမိတို့၏လိုအင်များ သင့်တင့်သလိုရရှိလာနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် စည်းကမ်းများကို အလေးထားလိုက်နာကြရန် လိုအပ် ပါသည်။ ကျန်းမာရေးစည်းကမ်းများကိုလိုက်နာကြရာတွင်တစ်နိုင်ငံလုံးအနေ ဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေရှိသည်ဖြစ်၍ ကိုဗစ်စည်းကမ်းအားလုံးကို မလိုက်နာနိုင်သော်လည်း နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်းကိစ္စ နှစ်မျိုးမျှသာ ပြုလုပ်နိုင်လျှင်ပင် ရောဂါဖြစ်ပွားမှုအတိုင်းအတာတစ်ခု အထိ ကျဆင်းလာမည်မှာ သေချာပါသည်။

ထို့ကြောင့် ပြည်သူအားလုံးအတွက် အလုပ်အကိုင်များ ပုံမှန်လုပ်ကိုင် လိုပါသလား၊ စီးပွားရေးလုပ်ငန်းများ တန်းတူလည်ပတ်လိုပါသလား၊ မိမိတို့ သွားလိုရာနေရာဒေသများသို့ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် လွယ်လင့်တကူ သွားလာလိုပါသလား၊ မိမိတို့အားလပ်ချိန်များတွင် ပျော်ရွှင်ချမ်းမြေ့စွာ အနားယူအပန်းဖြေလိုပါသလား၊ မိမိတို့ဘာသာအလိုက်ယုံကြည်ကိုးကွယ်ရာ နေရာများတွင် စိတ်နှလုံးချမ်းမြေ့စွာ ဖူးမြော်ကြည်ညို၊ ပူဇော်လိုပါသလား၊ မိမိတို့၏ရင်သွေး၊ မိမိတို့၏သားသမီးများ နေ့စဉ်ပုံမှန် ပညာဆည်းပူးလိုပါ သလား စသည့်ပြည်သူများ၏လူမှုဘဝလိုအင်များ ပုံမှန်ပြန်လည်ရရှိလိုပါလျှင် နှာခေါင်းစည်းတပ်ရန်နှင့် လက်ဆေးရန် အလုပ်နှစ်လုပ်မျှအား မပျက်မကွက် လိုက်နာဆောင်ရွက်သင့်ပါသည်။ အကယ်၍ ထိုအချက်နှစ်ချက်မျှကိုပင် သင့်အနေဖြင့် သိလျက်နှင့် လိုက်နာဆောင်ရွက်လိုခြင်းမရှိပါက သင်သည် နိုင်ငံသားတာဝန်မကျေသူ၊ တာဝန်မဲ့သူ ဖြစ်ပေလိမ့်မည်။

ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အဓိကသက်ဆိုင်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူလူထုကျန်းမာရေးကို နေ့စဉ်ဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်များအနေဖြင့် ရောဂါဖြစ်ပေါ်မှုကြာရှည်လာသည်နှင့် စိတ်ပန်း၊ လူပန်းဖြစ်ကြရပြီး ထိခိုက်နစ်နာမှုများပင် ရှိလာကြသည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေးအတွက် ကုန်ကျစရိတ်များ အမြောက်အမြားရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသေးသည့် နိုင်ငံဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ မည်သည့်ဘဝသို့ရောက်ရှိနေသည်ကိုလည်း သိရှိနေကြပါသည်။ ကျန်းမာရေးဆိုင်ရာတွင် ဘဏ္ဍာငွေပုံပေးရလျှင် အခြားကဏ္ဍများတွင် လိုအပ်ချက်ရှိလာမည် ဖြစ်သည်။

ထို့ကြောင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြည်သူများသို့ အစီရင်ခံတင်ပြရာတွင် “ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများက မြန်မြန်တိုးတက်ချင်တယ်။ မြန်မြန်ဖွံ့ဖြိုးတိုးတက်ချင်တယ်။ မြန်မြန်ပိုပြီးတော့ သာမန်အရင်တုန်းကလိုပေါ့။ သွားလိုက်၊ လာလိုက်နဲ့ လွတ်လွတ် လပ်လပ် လုပ်ကိုင်စားသောက်နိုင်တဲ့ဘဝကို ပြန်ရောက်ချင်တယ်ဆိုရင်တော့ ကိုဗစ်ပြန့်ပွားမှုကို အားလုံးဝိုင်းပြီးတော့ ထိန်းပေးဖို့ဟာ အင်မတန်မှ အရေး ကြီးပါတယ်။ အဲဒါကိုလည်း ကျွန်မတို့ဂရုစိုက်စေချင်ပါတယ်” ဟု ပြောကြား ထားသည်။

သို့ဖြစ်ရာ ပြည်သူ ပြည်သားများအနေဖြင့် ယခင်ပုံမှန်ဘဝများအတိုင်း ပြန်လည်ရရှိလိုပါလျှင်၊ ကန့်သတ်ထားမှုများမှ လွတ်မြောက်လိုပါလျှင်၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ၊ လူမှုဘဝများသို့ မြန်မြန်ရောက်ရှိလိုပါလျှင် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် အလွန်အရေးကြီး ပါကြောင်း။ ။