ပုသိမ် စက်တင်ဘာ ၂၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း က ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင် အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးပြီး ယင်းပွဲစဉ် တွင် ပုသိမ်ခရိုင်အသင်းက လပွတ္တာခရိုင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပွဲစဉ် တစ်လျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမား၊ အကောင်းဆုံးကစားသမားဆု ရရှိသူများအား ဆုတံဆိပ်များကို တိုင်းဒေသကြီး အတွင်းရေးမှူး၏ ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့က လည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲ တွင် ပွဲစဉ်တစ်လျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမား၊ အကောင်းဆုံး ကစား သမားဆု ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးများကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် တံခွန်စိုက်ဆုဖလားကို ချီးမြှင့် သည်။
ယခုနှစ် ဧရာဝတီတိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဘောလုံး (ကျား၊ မ)၊ ဘော်လီဘော(ကျား၊ မ)၊ ဘတ်စကက် ဘော(ကျား၊ မ)၊ ကြက်တောင်(ကျား၊ မ)၊ ပိုက်ကျော်ခြင်း (ကျား၊ မ)၊ ပြေးခုန်ပစ် (ကျား၊ မ)၊ စားပွဲတင်တင်းနစ် (ကျား၊ မ) စသည့် အားကစား နည်း ခုနစ်မျိုးဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ပုသိမ်မြို့ပေါ်ရှိ ကိုးသိန်းအားကစားကွင်း၊ ကျောက်တိုင်အားကစားကွင်း၊ ကိုးသိန်းအားကစားရုံနှင့် အထက်တန်းကျောင်း ဘောလုံးကွင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


