ပုသိမ် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။
ပြောကြား
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများ ပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး” နှင့်အညီ မသန်စွမ်းသူများ ပါဝင်သည့် လူ့အဖွဲ့အစည်းမှသည် လူမှုစီးပွားဘဝ မြင့်မားစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း တိုက်တွန်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ သဝဏ်လွှာ Video Clip ပြသမှုနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများအရေးနှင့် ပတ်သက်သည့် Video Clip ပြသမှုများကိုကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မသန်စွမ်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးမှ မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုငွေများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို အခြေခံ ပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဒုတိယ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးက လည်းကောင်း ဆုများချီးမြှင့် ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


