နေပြည်တော် ၁၄ စက်တင်ဘာ


ဒီမိုကရေစီဆိုသော နိုင်ငံရေးဝေါဟာရက နိုင်ငံသူ နိုင်ငံသား ပြည်သူလူထုအပေါ် ဆွဲငင်နိုင်စွမ်းရှိသည့် ဝေါဟာရတစ်ခုပင်ဖြစ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားတို့ကို ဒီမိုကရေစီစနစ်တွင်သာ တွေ့ရှိနိုင်ခြင်းဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နိုင်ငံရေးစနစ် အမျိုးမျိုးတို့အနက် ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးခြင်းမရှိသော၊ ဒီမိုကရေစီစံနှုန်းကင်းမဲ့သော နိုင်ငံများမှ အုပ်စိုးသူအစိုးရများကလည်း မိမိတို့သည် ဒီမိုကရေစီကို ကျင့်သုံးကြောင်း ဖွင့်ဆိုမြွက်ဟကြကာ ပြည်သူလူထုအပေါ် လှည့်ဖြားလေ့ရှိကြသည်။
တရားမျှတသည်ဟုဆိုရာတွင် လူမျိုး၊ ဘာသာ၊ ယောကျာ်း၊ မိန်းမ၊ ဆင်းရဲ၊ ချမ်းသာမရွေး နိုင်ငံသားမှန်သမျှ တရားဥပဒေအရာတွင် အညီအမျှ ဖြစ်ခြင်း၊ ငြိမ်ဝပ်ပိပြားရေး၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့် ပြည်သူ့ကျန်းမာရေးတို့နှင့် မဆန့်ကျင်လျှင် မိမိတို့ယုံကြည်ရာကို ကိုးကွယ်နိုင်ခြင်း၊ ပညာသင်ယူရာတွင်လည်းကောင်း၊ ဥစ္စာစီးပွားရှာဖွေရာတွင်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်ကြရာတွင်လည်းကောင်း နိုင်ငံသား မှန်သမျှ အညီအမျှ တရားမျှတစွာ ခံစားနိုင်ခြင်း။ လွတ်လပ်သည်ဟု ဆိုရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ အသင်းအပင်းများ ဖွဲ့စည်းခွင့်၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ စီးပွားရှာဖွေခွင့်တို့ကို နိုင်ငံသားတိုင်းက ခံစားနိုင်ခွင့်။ ညီမျှသည်ဟုဆိုရာတွင် နိုင်ငံသားတို့၏ အခွင့်အရေးများတွင်လည်းကောင်း၊ တရားဥပဒေအရာတို့တွင်လည်းကောင်း အညီအမျှ ခံစားခွင့်တို့ဖြစ်သည်။ ဆိုခဲ့ပြီးသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသော လောကပါလတရားတို့ ထွန်းကားသည်နှင့်အမျှ ငြိမ်းချမ်းသာယာမှုကို ရရှိခံစားကြရမည်လည်း ဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် အရေးကြီးဆုံးအချက်မှာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်သည် ပြည်သူလူထုဖြစ်သည်ကို အသိအမှတ်ပြုထားခြင်းဖြစ်ပြီး အစိုးရက ပြည်သူတို့၏ ဆန္ဒကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟု အလေးအနက်ခံယူထားခြင်းပင်ဖြစ်သည်။ တစ်သွေး-တစ်သံ- တစ်မိန့်ဖြင့် ဆောင်ရွက်သည့် စနစ်မဟုတ်ဘဲ ပြည်သူလူထု၏ အကျိုးစီးပွား အတွက် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ ပြည်သူ့ဆန္ဒကို အလေးထားမှုတို့ဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကိုရယူကာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရမည်ဖြစ်သည်။ လာမည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့-Participation”ဟူ၍ ဖြစ်သည်။ ဦးတည်ရာတူညီခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြင့်သာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက် နိုင်မှသာလျှင် မိမိတို့နိုင်ငံဖွံ့ ဖြိုးရေးအတွက် လိုအပ်နေသည့် နိုင်ငံရေး ဖွံ့ ဖြိုးမှု (Political Development) ကို ရရှိနိုင်မည်ဟူ၍ သတိချပ်ကြ ရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရန် လိုအပ်သော်လည်း စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို ဦးဆောင်သည်မှာ နိုင်ငံရေးဖွံ့ ဖြိုးတိုးတက်မှုဖြစ်သည်ဟူ၍ ပညာရှင်များ၏ အဆိုအမိန့်ရှိသည်။ တစ်နည်းအားဖြင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုများ၏ အခြေခံ မှာ နိုင်ငံရေးနယ်ပယ်၌ ရှိနေခြင်းဖြစ်သည်ဟု ယူဆခြင်းပင် ဖြစ်သည်။ နိုင်ငံ့အရေးအရာများတွင် ပြည်သူများက ပူးပေါင်းပါဝင်ခြင်း၊ ယင်းသို့ ပူးပေါင်းပါဝင်နိုင်ရန်အတွက် အင်စတီကျူးရှင်းများ ဖွဲ့စည်းထားရှိခြင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးများနှင့် ပြည်သူလူထုအကြား အဆက်အစပ် အားကောင်းစေရေးအတွက် ဒီမိုကရေစီနည်းလမ်းများနှင့် ကျင့်စဉ်များ ကျင့်သုံးခြင်းတို့ဖြင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ရန် ပြုစုပျိုးထောင်မှုများကို ဆောင်ရွက်သွားကြရမည်လည်း ဖြစ်သည်။ ယင်းသို့ နိုင်ငံရေးဖြစ်စဉ်တွင် ပြည်သူများပါဝင်မှု တိုးတက်သည်ထက် တိုးတက်လာအောင်၊ မြင့်မားသည်ထက် မြင့်မားလာအောင် အမြဲကြိုးပမ်းရမည့်တာဝန်မှာ အစိုးရ (တစ်နည်းအားဖြင့်) ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်ကြီးတို့၏ တာဝန်ဖြစ်သည်ဟူ၍လည်း ပညာရှင်တို့က ဆိုမိန့်ထားသည်။ ပူးပေါင်းဆောင်ရွက်မှုသည် ဒီမိုကရေစီရှင်သန်ရေး၊ နိုင်ငံရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ဘဝ သာယာဝပြောရေးတို့အတွက်ပါ အခြေခံအကျဆုံး ဖြစ်သည်ကို နားလည်ယုံကြည်ကာ ပူးပေါင်းဆောင်ရွက်မှုတို့ မြှင့်တင်နိုင် ကြပါစေကြောင်း။ ။

မြန်မာ့အလင်း