ပရီမီယာလိဂ်ပွဲစဉ် (၆)  မှ   စက်တင်ဘာ ၂၈ ရက် နံနက် ၁ နာရီခွဲက  ယှဉ်ပြိုင်ကစားခဲ့သည့် စပါးနှင့် ဝုဖ်အသင်းပွဲစဉ်တွင် ဝုဖ်အသင်းက ဗျူနို၏ သွင်းဂိုးဖြင့် နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ဂျာအိုပယ်လင်ညာ၏ နောက်ကျချေပဂိုးကြောင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

ဝုဖ်အသင်းသည် ပွဲကစားချိန် ၅၄ မိနစ်တွင် ရရှိခဲ့သော ဗျူနို၏ သွင်းဂိုးကြောင့် ပထမဆုံး ပရီမီယာလိဂ် နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ပွဲချိန်ပြည့်သည်အထိ အနိုင်ရလဒ်ကို  ထိန်းထားနိုင်စွမ်းမရှိသည့်အတွက် နိုင်ပွဲနှင့် ဆက်လက်ဝေးကွာခဲ့ရသည်။ ထို့အပြင် ဝုဖ်အသင်းသည် ပရီမီယာလိဂ် ခြောက်ပွဲကစားပြီးချိန်တွင် နိုင်ပွဲရရှိထားခြင်းမရှိသေးဘဲ သရေတစ်ပွဲနှင့် ရှုံးပွဲ ငါးပွဲအထိ ရှိလာပြီဖြစ်သည်။

နှစ်သင်းကြား  ခြေစွမ်းကွာဟမှုမရှိဘဲ  အပြန်အလှန်  ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် ပွဲချိန်ပြည့် သည်အထိ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ရှိခဲ့သည်။ စပါးအသင်းသည် ပြိုင်ဘက် ဝုဖ်အသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် သွင်းဂိုးရရှိရေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။

ယခုပွဲစဉ် သရေကျခဲ့သော စပါးအသင်းသည်  ဦးဆောင်သူ လီဗာပူးအသင်းနှင့် ရမှတ်ကွာဟမှု  လေးမှတ်အထိ  ရှိလာပြီ ဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင် ဘရန့်ဖို့ဒ်က မန်ယူကို သုံးဂိုး-တစ်ဂိုး၊ ဘရိုက်တန်က ချယ်ဆီးကို သုံးဂိုး-တစ်ဂိုး၊ ခရစ္စတယ်ပဲလေ့စ်က  လီဗာပူးကို  နှစ်ဂိုး-တစ်ဂိုး၊ မန်စီးတီးက ဘန်လေကို   ငါးဂိုး-တစ်ဂိုး၊ ဆန်းဒါးလန်းက  နော်တင်ဟမ်ဖောရက်စ်ကို   တစ်ဂိုး-ဂိုးမရှိဖြင့်   အသီးသီးနိုင်ပွဲကိုယ်စီရရှိခဲ့ပြီး   လိဒ်စ်နှင့် ဘုန်းမောက်အသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ 

အောင်ဇော်