စည်သူကျော်
နယ်မြို့လေး၌ မွေးဖွားကြီးပြင်းခဲ့သော စာရေးသူကလေးဘဝကတည်းက ရင်းနှီးခဲ့သည့် သယ်ယူပို့ဆောင်ရေးပုံစံမှာ ရထားပင်ဖြစ်သည်။ ဥဩသံပေးကာ အားမာန်အပြည့်ဖြင့် တရှူးထိုးမောင်းနှင်သွားသော ရထား၏ပုံစံသည် ကလေးအရွယ် စာရေးသူတို့ သူငယ်ချင်းတစ်သိုက်အား ခွန်အားတစ်ရပ်ကို ပေးစွမ်းသည်ဟု ထင်မိသည်။
ရထားကြီး ဖြတ်သွားတိုင်း တက်ကြွပျော်ရွှင် သော စိတ်ခံစားမှုအရသာကို ရရှိခဲ့သည်။ မူလတန်းကျောင်းသားဘဝ သူငယ်တန်းဖတ်စာအုပ်တွင် ပါဝင်သည့် “ရ” ရထားကြီး ပျော်ပျော်စီးဟူသော ဖတ်စာကို ကျယ်ကျယ်လောင်လောင် အော်ဖတ်တတ်သည့် အရွယ်ကတည်းကပင် ရထားဟူသော ဝေါဟာရ စကားလုံးကို ရင်းနှီးခဲ့သည်။
လွမ်းမောတသဖွယ် ရသကို ခံစားလာရ
ရထားဆိုသည်မှာ ပျော်ရွှင်ဖွယ်ရာ ကောင်းသော စီးနင်းစရာဟု မှတ်သားခဲ့သည်။ တအိအိမောင်းနှင်နေသော စပါးတင်သည့် နွားလှည်းများကို လှည်းလမ်းကြောင်းဘေး ရထားလမ်းပေါ်မှ အရှိန် ဖြင့် ကျော်လွန်ဖြတ်သန်းသွားသော ရထားကြီး၏ အမြန်နှုန်းကို ငေးကြည့်ရင်း လက်ခုပ်လက်ဝါးတီးကာ အံ့ဩပျော်ရွှင်ခဲ့ရဖူးသည်။ အရွယ်လေး နည်းနည်းရလာတော့ နေဝင်ချိန်အဝေးတစ်နေရာမှ လယ်ကွင်းများကို ဖြတ်သန်းသွားသော ရထားကြီးကို ငေးကြည့်ရင်းမှ လွမ်းမောတသဖွယ် ရသကို ခံစားလာရသည်။ ရသမျိုးစုံပေးစွမ်းနိုင်သော ရထားပါတကား။
ထို့နောက်တွင်ကား မဟာရန်ကုန်မြို့တော်ကြီးသို့ နယ်မြို့လေးမှ ပညာရင်နို့သောက်စို့ရန် ရထားတည်းဟူသော မိတ်ဆွေကြီးကို စီးနင်းကာ ထွက်ခွာ လာခဲ့သည်။ ပထမဆုံးအကြိမ် ခရီးရှည်ကို ရထားစီး၍ ထွက်ခွာခြင်းပါပေ။ ရထားပေါ်၌ နီးစပ်ရာစကားဝိုင်းဖွဲ့၊ စားစရာများဝေငှ၊ ပျော်ရွှင်ဖွယ်ရာ ကောင်းသောခရီးတစ်ခုဖြစ်ခဲ့သည်ကို အမှတ်ရနေမိ ပါသည်။ ရန်ကုန်မြို့တွင် မိမိနေထိုင်ရာနေရာသည် ကြည့်မြင်တိုင်ဘူတာနှင့်နီးသဖြင့် ရထားများကို နေ့စဉ်တွေ့မြင်နေရသဖြင့် နေရပ်ကို လွမ်းမိသလို အလွမ်းလည်းပြေရသည်။ ခုံးကျော်တံတားပေါ်မှ လျှောက်သွားစဉ် အောက်မှ ရထားကြီးဖြတ်သွားသည်နှင့် ကြုံကြိုက်ပါက ကလေးငယ်အလား စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားရဆဲ။ မိမိသွားလိုသည့် ခရီးရှိပါကလည်း ရထားကိုသာ ဦးစားပေးစီးနင်းဖြစ်ခဲ့သည်။
အကယ်စင်စစ် ရထားပို့ဆောင်ရေးစနစ်ဟူသည် သားရွှေအိုးထမ်းလာသော ကိန်းဖြစ်သည်ဟုဆိုသော် လွန်အံ့မထင်။ ရထားပို့ဆောင်ရေးက လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို များစွာလျော့ပါးသက်သာစေသော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါသည်။ တူညီသော ကုန်စည်ပမာဏနှင့်ခရီးအကွာအဝေးကို သယ်ယူပို့ဆောင်ရာ၌ ရထားက မော်တော်ကားများနှင့် နှိုင်းစာလျှင် ကုန်ကျစရိတ်ပိုမိုသက်သာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ခရီးသွားအများအပြားကို လွယ်လင့်တကူ သယ်ဆောင်သွားလာနိုင်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ခရီးနှောင့်နှေးမှုတို့ကို လျော့နည်းစေသည်။ ရထားသည် သယ်ယူပို့ဆောင်မှုအများစုကို လမ်းမကြီးများ၊ မြို့တွင်းဆက်တံတားကြီးများမှ ရှောင်လွှဲသွားစေနိုင်ခြင်းကြောင့် မြို့ပြ၏ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းတံတားများ၏ ထိခိုက်ပျက်စီးမှုကို သက်သာစေသည်။
ရထားပို့ဆောင်ရေးကြောင့် လမ်းမကြီးများ တိုးချဲ့ရခြင်း၊ ခုံးကျော်တံတား အများအပြားတည်ဆောက်ရခြင်းတို့ လျော့ပါးစေသောကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်များ ချွေတာနိုင်သကဲ့သို့ မြေယာချဲ့ထွင် သုံးစွဲရမှုတို့ကို ကျဆင်းစေပါသည်။ ထို့ကြောင့် နိုင်ငံအများအပြားက ရထားလုပ်ငန်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိခြင်းဖြစ်ပါသည်။ စီးနင်းသူများအတွက် လည်း သက်သောင့်သက်သာရှိခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။ ယင်းအချက် များသည် ရထားပို့ဆောင်ရေး၏ အဓိက အားသာချက်များ ဖြစ်ပါသည်။
များမကြာသေးမီက ခရီးတို ခရီးရှည်များတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲလျက်ရှိ ကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ထို့အပြင် ခရီးသွားမည့်သူများအကြား ရထားဖြင့်သွားကြမည် ဆိုသည့် ပြောသံများ ကြားရသည်။ ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦးအဖို့ ပြည်တွင်းပြည်ပ ခရီးသွားများကို ခရီးစဉ်ဒေသများတွင် တွေ့ရခြင်း သည် ဝမ်းမြောက်ဖွယ်ဖြစ်သလို၊ ရထားချစ်သူ မိမိအတွက်လည်း ရထားသယ်ယူပို့ဆောင်ရေးအပေါ် စိတ်ဝင်တစား စီးနင်းလိုသူများ၊ ခေတ်မီသော ရထားများ ပေါ်ပေါက်လာခြင်းက ဝမ်းမြောက်ဖွယ်ဖြစ်သည်။ အကယ်စင်စစ် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် နှစ်ပေါင်း ၁၅၀ နီးပါး သက်တမ်းရှိသည့် သက်တမ်းရင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်ပါသည်။ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ရထားပို့ဆောင်ရေးလုပ်ငန်းကို အဓိကအားဖြင့် အမျိုးအစား သုံးမျိုးခွဲခြားထားသည်ဟု မှတ်သားဖူးသည်။ ပထမအမျိုးအစားမှာ Passenger Train ဟု ခေါ်သော ခရီးသည်တင်ရထားများ၊ Freight Train or Cargo Train ဟုခေါ်သော ကုန်တင်ရထားများ၊ Special Purpose Train ဟုခေါ်သော အပန်းဖြေခြင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စစ်ဘက်ရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း စသော သီးခြားအကြောင်းအရာများ အတွက် အသုံးပြုသော ရထားများဖြစ်ကြပါသည်။
ရထားအမျိုးအစားများ ကွဲပြားသည့်နည်းတူ ရထားများပြေးဆွဲနိုင်ရန် အသုံးပြုသော အရင်းအမြစ်(Power Source) များလည်း ကွဲပြားခြားနားပါသည်။ Passenger Train ခရီးသည်တင်ရထားများ၊ Freight Train or Cargo Train ကုန်တင်ရထားများတွင်လည်း ခရီးသည်နှင့် ကုန်စည်ပေါ်မူတည်၍ ရထားပုံစံအမျိုးမျိုး ထပ်မံကွဲပြားသည်ကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ ဆိုလိုချင်သည်မှာ လိုအပ်ချက်အပေါ်မူတည်၍ ရထားပို့ဆောင်ရေးလုပ်ငန်း အမျိုး အစားများစွာရှိသည်ကို တင်ပြလိုရင်းဖြစ်ပါသည်။
လေထုညစ်ညမ်းမှုနှင့် အသံဆူညံမှုတို့ကို လျော့ပါးစေ
ရထားပို့ဆောင်ရေးလုပ်ငန်းသည် ခရီးသွားလုပ်ငန်းတွင် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများစွာရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ရထားစီးနင်းခြင်း/ အသုံးပြုခြင်းက ဈေးနှုန်း သက်သာ၏။ ပညာရပ်ပိုင်းဆိုင်ရာအရ (Cost Effective) ဖြစ်သည်ဟုဆိုသော် ပိုမှန်၏။ ကုန်ကျစရိတ်ထက် ပိုမိုသော အကျိုးကျေးဇူးကို ရရှိစေ သည်။ သယ်ယူပို့ဆောင်စရိတ်သက်သာခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ ကျဆင်းစေနိုင်သည်။ ရထား သည် လေထုညစ်ညမ်းမှုနှင့် အသံဆူညံမှုတို့ကို လျော့ပါးစေသည်။ မြို့ပြများတွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် လေထုညစ်ညမ်းခြင်း၊ ကားဟွန်းသံ စက်သံများကြောင့် အသံဆူညံခြင်း၊ လိုရာခရီး အမြန်မရောက်ရှိနိုင်ခြင်း စသည့်ပြဿနာများသည် ရထားတွင် မရှိပေ။
မော်တော်ကားဖြင့် သွားလာခြင်းထက် ရထားဖြင့် ခရီးသွားခြင်းသည် ပိုမိုလုံခြုံစိတ်ချရသည်။ မတော်တဆဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုလျော့နည်းသည်။ နိုင်ငံတကာတွင် ရထားဖြင့်ခရီးသွားခြင်းက ဘေးကင်းလုံခြုံမှုအပြင် အားထားစီးနင်းနိုင်သော ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်သည်။ ရထားသည် အချိန်မှန်၏။ နွေမိုးဆောင်း ဥတုသုံးပါးသွားလာနိုင်သည်။ ယာဉ်ကြောပိတ်ဆို့မှု မရှိ၊ တောက်လျှောက်သွားလာနိုင်သည်။ ထို့ကြောင့် ရထားခရီးသည် အားထားရသော ခရီးဖြစ်သည်။ ထို့အပြင် ရထား သည် ကျယ်ဝန်းသောနေရာရှိသည်။ မော်တော်ကားဖြင့် သွားလာခြင်းထက် ခြေဆန့်လက်ဆန့်ပိုရှိသည်။ အိပ်စင်ဖြင့်စီးနင်းပါက အိပ်ရင်းလိုက်ပါနိုင်သည်။
အပြန်အလှန်လဲလှယ် စားသောက်ရင်း မိတ်ဆွေဖွဲ့နိုင်
ယခင်က ပိုက်ဆံချွေတာသော ဘတ်ဂျက်တိုးရစ်များ (Budget Tourists) များသည် ဟိုတယ်ခ ချွေတာလိုသဖြင့် တစ်နေရာမှ တစ်နေရာသို့ ခရီးဆက်ရာ တွင် ညရထားကို စီးနင်းကြသည်။ ခရီးရှည်များတွင် စားသောက်ခန်းပါသဖြင့် အစားအသောက်များ မှာယူစားသုံးနိုင်သည်။ လမ်းခရီးမှလည်း ဒေသစာများ ဝယ်ယူမြည်းစမ်းစားသုံးနိုင်သည်။ အိမ်အပြန် လက်ဆောင်ဝယ်နိုင်သည်။ ရေသန့်ဘူးများ မပေါ်ခင်က ရေကုသိုလ်ဆို၍ ရေအိုးကလေးများဖြင့် သဒ္ဓါ ကြေးမျှကိုသာယူကာ သုံးရေ သောက်ရေလိုက်ပေးသော ရထားစီးယဉ်ကျေးမှုကလေးသည် ယနေ့တိုင် မေ့မရသော ဘူတာစဉ်မှ ချစ်စဖွယ်ဓလေ့စရိုက်လေး ဖြစ်ပါသည်။ ထို့အပြင် ရထားပေါ်၌ ခရီးသွားများ အချင်းချင်း မိမိတွင်ပါလာသော စားသောက်ဖွယ်ရာများ အပြန်အလှန်လဲလှယ် စားသောက်ရင်း မိတ်ဆွေဖွဲ့နိုင်သည်။ ခရီးသွားလုပ်ငန်းတွင် အဓိကကျသည်ဟု ပြောကြသော လူမှု ဆက်ဆံရေး (Social Interaction) ကို မြန်မာနိုင်ငံရှိ ရထားများပေါ်တွင် တွေ့ရသည်။
ရထားဖြင့် ခရီးသွားခြင်း၏ အခြားထူးခြားသော အားသာချက်မှာ လမ်းခရီးတစ်လျှောက် ရှုမျှော်ခင်းများ ကြည့်ရှုရခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် သာယာလှပသော ရေမြေတောတောင် သဘာဝ အလှအပများဖြင့် ပြည့်နှက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရထားဖြင့် ခရီးသွားခြင်းသည် ယင်းသဘာဝအလှအပများကို အပြည့်အဝခံစား ရစေမည်ဖြစ်ပါသည်။ ရထားလမ်းတစ်လျှောက် စိမ်းစိုသော လယ်ကွင်းများ၊ အဝေးဆီမှ အုံ့မှိုင်းနေသော တောင်စဉ်တောင်တန်းများ၊ ညနေဆည်းဆာ ကောင်းကင်ဝဠာမှာ အိပ်တန်းပြန်နေသော ငှက်များ၊ နေညိုညိုတိမ်တောက်ချိန် ကျေးလက်ရှုခင်းများသည် ရထားစီးရင်း ကြည့်ရှုခံစားရသော မေ့မရသည့် ရှုခင်းများဖြစ်ပါသည်။ ကျယ်ပြောသော မြစ်ပြင် ကျယ်၏ တံတားပေါ်မှ တဝေါဝေါမြည်သံပေးကာ ဖြတ်သန်းသွားသော ရထားပေါ်မှ အရသာသည် စိတ်လှုပ်ရှား ကြည်နူးဖွယ်ကောင်းလှသည်။ ဘူတာ သို့ အဝင်တွင် လာရောက်ကြိုဆိုနေသူကို အမောတကောရှာဖွေနှုတ်ဆက်ရသည်မှာလည်း ရထားခရီးစဉ်များတွင် ခံစားရသော ရသတစ်မျိုးဖြစ်သည်။ ထို့ကြောင့် လွမ်းဆွတ်တမ်းတမှု သီချင်း၊ ကဗျာတို့တွင် ရထားဆိုသော နိမိတ်ပုံတွေ့ရတတ်သည်။
ရထားက အမျိုးမျိုးသော ရသကို ပေး၏။ ရထားက အထူးထူးသော အကျိုးကျေးဇူးကို ရစေ၏။ ရထားကို ခရီးသွားတို့၏ မှတ်ဉာဏ်ထဲတွင် ရှိနေဆဲဖြစ်၏။ ငယ်စဉ်တောင်ကျေးကလေးဘဝက ရွတ်ဆိုခဲ့သလို “ရ” ရထားကြီးကို ပျော်ပျော်ကြီးစီးနိုင်ရန် ရထားတစ်ခေတ်ဆန်းသစ်၍ ခရီးသွားပြည်သူတို့၏ နှလုံးသည်းပွတ်ကို သိမ်းကြုံးရယူဖို့သာ လိုအပ်လှပါသည်။ ။


